မီးလောင်ခဲ့တဲ့ အလယ်ခေတ် နော်တာဒမ် ဘုရားရှိခိုးကျောင်းအတွက် ရုပ်ရှင်မင်းသမီး ဆာမာဟဲလ်ရဲ့ ခင်ပွန်း ဘီလျှံနာသူဌေးကြီးက ယူရို သန်း ၁၀၀ လှူဒါန်း

မီးလောင်ခဲ့တဲ့ အလယ်ခေတ် နော်တာဒမ် ဘုရားရှိခိုးကျောင်းအတွက် ရုပ်ရှင်မင်းသမီး ဆာမာဟဲလ်ရဲ့ ခင်ပွန်း ဘီလျှံနာသူဌေးကြီးက ယူရို သန်း ၁၀၀ လှူဒါန်း
Photo: AFP

ပါရီ၊ ဧပြီ ၁၆ ။         ။ မီးအကြီးအကျယ် လောင်ပြီး ခေါင်မိုးပျက်စီးသွားခဲ့ရတဲ့ ပြင်သစ်ရဲ့ အထင်ကရ နော်တာဒမ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြန်လည်ပြုပြင်ဖို့အတွက် ရုပ်ရှင်မင်းသမီး ဆာမာဟဲလ်ရဲ့ ခင်ပွန်းဖြစ်သူ ဘီလျှံနာ သူဌေးကြီးက ယူရိုငွေ သန်း ၁၀၀ လှူဒါန်းမယ်လို့ ကတိခံပါတယ်။

ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် ဖရန့်ဆွာဟန်ရီပီနော့က သက်တမ်း ၈၅၀ ရှိ အလယ်ခေတ် ဂေါ့သစ်လက်ရာ နော်တာဒမ်ဘုရားရှိခိုးကျောင်းကြီး မီးလောင်မှု ဖြစ်ပြီး နာရီပိုင်းမှာပဲ ခုလို လှူဒါန်းမယ်ဆိုတာကို ကြေညာတာပါ။

ပီနော့ဟာ မက္ကဆီကန်-အမေရိကန် သရုပ်ဆောင် ဆာမာဟဲလ်နဲ့ ၂၀၀၉ ခုနှစ်အတွင်းက လက်ထပ်ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည်ဖြစ်ပြီး Gucci တို့၊ Yves Saint Laurent တို့လို အလှကုန်ပစ္စည်းတံဆိပ်တွေရဲ့ ပင်မကုမ္ပဏီကြီးဖြစ်တဲ့ Kering ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အသည်းနှလုံးဖြစ်တဲ့ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် နော်တာဒမ်ဘုရားရှိခိုးကျောင်းအပြင်ဖက်မှာ ပြင်သစ်သမ္မတ မက်ခရွန်က ဘုရားကျောင်းကြီး ပြန်လည်ပြုပြင်ဖို့အတွက် နိုင်ငံတော်အဆင့် ရန်ပုံငွေ ကောက်ယူမှု လုပ်ဆောင်မယ်လို့ ပြောဆိုပြီးနောက်မှာ သူဌေးကြီး ပီနော့က ယူရို သန်း ၁၀၀ လှူဒါန်းမယ်လို့ ကတိပေးကြေညာလာတာပါ။

ဘုရားကျောင်းကြီး မီးလောင်မှုမှာ ခေါင်းချွန်းနဲ့ အမိုး ပြိုကျပျက်စီးပေမယ့် ခေါင်းလောင်းမျှော်စင်နှစ်ခု အပါအဝင် ပင်မအဆောက်အအုံတွေကိုတော့ မီးဘေးက ကယ်တင်လိုက်နိုင်တာ ဖြစ်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ဘုရားကျောင်းကြီးမှာ ပြင်ဆင်မွမ်းမံရေး ဆောင်ရွက်နေရာကနေ မီးလောင်ခဲ့တာ ဖြစ်နိုင်ကြောင်း မီးသတ်ဌာနက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly