စခန်း ၂ နေရာနှင့် လက်နက်များ ရရှိခဲ့ဟု တပ်ဘက်မှ ပြော၊ AA ဘက်မှ ငြင်းဆို

စခန်း ၂ နေရာနှင့် လက်နက်များ ရရှိခဲ့ဟု တပ်ဘက်မှ ပြော၊ AA ဘက်မှ ငြင်းဆို
ဓာတ်ပုံ-MOI

ရန်ကုန်၊ ဧပြီလ ၁၅ ။    ။ AA စခန်း ၂ ခု သိမ်းဆည်းရမိပြီး လက်နက်များ ဖမ်းဆီးရမိကြောင်း တပ်မတော်ဘက်မှ ပြောဆိုထားပြီး ရက္ခိုင့်တပ် (AA) ဘက်မှမူ ၎င်းတို့စခန်းများမဟုတ်ကြောင်း ငြင်းဆိုထားသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်၊ ပန်းမြောင်ကျေးရွာအနီးဝန်းကျင် တောင်ကြောများပေါ်တွင် တပ်မတော်မှ တိုက်ခိုက်ခဲ့ရာတွင် ရက္ခိုင့်တပ်(AA)၏ စခန်း ၂ နေရာ၊ နင်းမိုင်းများနှင့် လေ့ကျင့်ရေးသေနတ်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မဇ္စျိမသို့ အတည်ပြုပြောသည်။

အဆိုပါ ရက္ခိုင့်တပ်(AA)၏ စခန်း ၂ နေရာ၊ နင်းမိုင်းများနှင့် လေ့ကျင့်ရေး သေနတ်များကို တပ်မတော်မှ ဧပြီလ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီ၊ ၃၅ မိနစ်ခန့်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

“ အဲ့ဒီဘက်က တောင်ကြောပေါ်တွေမှာ ကျွန်တော်တို့ လုံခြုံရေးအရ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ သိမ်းပိုက်ရရှိတာက စခန်း ၂ ခုပါဗျ။ နင်းမိုင်းတွေ၊ မိတာတွေ ရှိတယ်။ ပြီးရင် လေ့ကျင့်ရေးသေနတ်တွေ မိတာတွေ ရှိပါတယ်။ နယ်မြေလုံခြုံရေးကိုတော့ ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက်နေဆဲပဲ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရရှိတာကတော့ တပ်ဘက်ကတော့ မရှိဘူးခင်ဗျ။ ဟိုဘက်ကတော့ AA ဘက်ကတော့ စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ဒီကြားထဲတော့ ကျွန်တော်တို့က လက္ကာကျေးရွာထဲမှာ ဖော်ထုတ်ဖမ်းဆီးရမိတာတွေ ရှိပါတယ်။ အဲ့ဒါတွေကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ထားပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်း ဧပြီလ ၁၃ ရက်နေ့၊ ညနေ ၃ နာရီခန့်က ကိုလပြည့်ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် ၃ ခု၊ ကျည့် ၂ဝ၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများ၊ ဧပြီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကိုလပြည့်၏ အကိုဖြစ်သူ ဦးမောင်ဦးကျော် နေအိမ်မှ လက်ပစ်ဗုံး ၁ဝ လုံးအား သိမ်းဆည်း ရမိခဲ့ကြောင်း၊ထို့အပြင် ဝှက်ထားသည့် စပါးများနှင့် ဆန်များပါ သိမ်ဆည်းရမိခဲ့ကြောင်း  သိရသည်။

ပန်းမြောင်ကျေးရွာ အနီးဝန်းကျင် တောင်ကြောများပေါ်တွင် AA ၏ စခန်းများ သိမ်းဆည်းရမိကြောင်း တပ်မှပြောဆိုထားသည့်အပေါ် AA ဘက်မှ ငြင်းဆိုထားပြီး အဆိုပါ တောင်ကြောနေရာများတွင် လေ့ကျင့်ရေးကျောင်းနှင့် စခန်းများမရှိကြောင်း ရက္ခိုင့်တပ်(AA)ဘက်မှ ဆိုသည်။

“စခန်းကို သိမ်းဆည်းရမိတယ် အဲ့ဒီလိုမျိုးပြောတဲ့ဥစ္စာကတော့ ကျွန်တော်တို့ ဘက်မှာတော့ အဲ့ဒီလိုမျိုး ဖြစ်စဉ် မရှိဘူး။ ကျွန်တော်သိတာ သူတို့ဖော်ပြထားတဲ့ အဲ့ဒီတဲလေးတွေကလည်း အရင်တုန်းက အရပ်သားတွေ အသုံးပြုခဲ့တဲ့ ဟင်းရှာ၊ ငါးရှာတဲ့သူတွေ သုံးခဲ့တဲ့ တဲလေးတွေလိုမျိုး ကျွန်တော်တွေ့တယ်။ သူတို့ပြောသလိုမျိုး ကျွန်တော်တို့ရဲ့ သင်တန်းကျောင်းကို သိမ်းဆည်းရမိတယ်ဘာညာက အဲ့ဒီနေရာမှာ ဘာသင်တန်းကျောင်းမှလည်း မရှိဘူး။ တကယ်တော့။ အဲ့ဒီလိုသိမ်းဆည်းရမိတယ်ဆိုတာက ဘယ်လို ပြောမလည်း သူတို့ အောက်က လူတွေက အပေါ်ကို ပလီလုပ်ကြံပြီးတော့ လိမ်ပြီး တင်ပြတာပဲ ဖြစ်မှာပေါ့။ ”ဟု AA ပြန်ကြားရေးတာဝန်ခံ  ဦးခိုင်သုခက ပြောသည်။

“ တကယ်တော့ အဲ့ဒီနေရာမှာ ဘာသင်တန်းကျောင်းမှလည်း မရှိပါဘူး။ အဲ့ဒီဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာတော့ ရှိတယ်။ ဒါပေမယ့်လို့ အဲ့ဒီမှာ ဗမာ့တပ်မတော်ဘက်က အကျအဆုံးများပြီးတော့ တပ်လန်သွားတာပဲ များတယ်ဗျ။ သူတို့ပြောသလိုတော့ သင်တန်းကျောင်းမရှိတာတော့ သေချာတယ်”ဟု AA ပြန်ကြားရေးတာဝန်ခံ  ဦးခိုင်သုခက ဆက်ပြောသည်။

ထိုသို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုများကြောင့် AA ဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းများကို လက်ရှိတွင် ပြောဆို၍ မရသေးကြောင်း၊ စစ်ရုံးချုပ်သို့ ပြန်လည်မေးမြန်းပြီးမှ ပြော၍ရမည်ဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တပ်မတော်မှ အဆိုပါ တောင်ကြောတစ်ဝိုက်အား ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှ စ၍ အဆင့်ဆင့် ခြေကုပ်ယူ တိုက်ခိုက်ခဲ့ရာ AA နှင့် အကြိမ် ၂ဝ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ AA စခန်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ သိရသည်။

“ အဲ့ဒီဘက်မှတော့ နယ်မြေလုံခြုံရေး အာမခံချက်ရှိအောင်တော့ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေဆဲပဲ ရှိပါတယ်ခင်ဗျ။ ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly