သင်္ကြန်ရက်အတွင်း ထိုင်းရှိ ဘန်ဆယ်ကမ်းခြေသို့ မြန်မာလုပ်သားများ အများဆုံး လာရောက်လည်ပတ်

By မျိုးချစ်သွေး( မြေလတ်)
14 April 2019
သင်္ကြန်ရက်အတွင်း ထိုင်းရှိ ဘန်ဆယ်ကမ်းခြေသို့ မြန်မာလုပ်သားများ အများဆုံး လာရောက်လည်ပတ်

ဘန်ကောက် ဧပြီ ၁၄ ။        ။ သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံ Chon buri ခရိုင်ရှိ၊ ဘန်ဆယ်ကမ်းခြေသို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နေ့စဉ် ရာနှင့် ချီပြီး သွားရောက်လည်ပတ်ကြကြောင်း သိရသည်။

" လာတယ်ဗျ။ မနေ့က အကျနေ့တင် မြန်မာတွေ ထောင်ချီလိမ့်မယ် ထင်တယ်။ သေချာတော့ ကျွန်တော် မသိဘူး " ဟု အဆိုပါကမ်းခြေတွင် ဘောကွင်းရောင်းနေသူ မြန်မာနိုင်ငံသား ကိုအောင်အောင်ဦးက မဇ္ဈိမသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပတ္တရား၊ ဖူးခက် အစရှိသည့် နာမည်ကြီးကမ်းခြေများရှိသော်လည်း ကုန်ကျစရိတ် များသောကြောင့် ထိုင်းရောက် မြန်မာလုပ်သားအများစုက ဘန်ဆယ်ကမ်းခြေတွင်သာ လည်ပတ်မှုများခြင်း ဖြစ်သည်။

မဟာချိုင်၊ ဘန်ကောက်နှင့် ချွိုင်ဘူရီအနီးတစ်ဝိုက်မြို့များမှ လာရောက်လည်ပတ်ခြင်းဖြစ်ပြီး အနည်းဆုံး ဘတ် ၅၀၀ မှ အများဆုံး ဘတ် ၁၀၀၀ ခန့် (မြန်မာငွေ ကျပ် ၅၀၀၀၀ ခန့်) ဝန်းကျင်သာ ကုန်ကျသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင်လည်း ဆုန်ခရမ် သင်္ကြန်ပွဲတော် ကျင်းပနေပြီး မြန်မာနှင့် လာအိုတို့တွင်လည်း သင်္ကြန်ပွဲ ဆင်နွှဲနေကြခြင်း ဖြစ်သည်။

ထိုသို့ သင်္ကြန်ကာလ ရက်ရှည်အလုပ်ပိတ်ရက်ဖြစ်သဖြင့် အပန်းဖြေလည်ပတ်ကြခြင်း ဖြစ်ပြီး ဘန်ဆယ်ကမ်းခြေသည် ဘန်ကောက်မြို့နှင့်နီးပြီး နှစ်စဉ် မြန်မာနိုင်ငံသားများ အမြဲလာရောက်သော အပန်းဖြေလည်ပတ်ရာ နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

“ရက်ရှည်ပိတ်ရက်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် မပြန်ဖြစ်ကြတဲ့အတွက် နားရက် အပန်းဖြေကြတာ” ဟု လာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

ထိုင်းတွင်  လာရောက် အလုပ် လုပ်ကိုင်နေသူ မြန်မာလုပ်သားဦးရေ ၂ သန်းခန့်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မြန်မာသံရုံး၏ စာရင်းများအရ မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly