ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်ယူအသင်း ကံကောင်းခဲ့တယ်လို့ ဆိုးလ်ရှား ဝန်ခံ

ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်ယူအသင်း ကံကောင်းခဲ့တယ်လို့ ဆိုးလ်ရှား ဝန်ခံ
Photos: EPA

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စနေနေ့က ပေါ့ဂ်ဘာရဲ့ ပင်နယ်တီ နှစ်လုံးနဲ့ ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ လိုအပ်နေတဲ့ အနိုင်ရလဒ် ရယူနိုင်ပေမယ့် သူ့အသင်းအနေနဲ့ ကံကောင်းခဲ့ခြင်းဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အသင်းဟာ ပြိုင်ပွဲစုံမှာ ပြီးခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ အလွယ်တကူ လက်လွတ်ဖွယ်ရှိပါတယ်။

ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းက သာမန်ထက် အများကြီးမပိုဘူးဆိုပေမယ့် ရရှိခဲ့တဲ့ ပင်နယ်တီ နှစ်လုံးစလုံးကို ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာကြောင့် နိုင်ပွဲရရှိစေခဲ့ပါတယ်။ နောက်ပြီး ဝက်စ်ဟမ်းရဲ့ အန်တိုနီယိုခေါင်းတိုက်တဲ့ ဘောလုံးကို အံ့သြဖွယ် ကာကွယ်ခဲ့တဲ့ ဒီဟေးယားကလည်း ဒီပွဲအတွက် အရေးပါခဲ့ပါတယ်။

မန်ယူအတွက် ဂိုးတွေကို ပွဲချိန် ၁၉၊ ၈၀ မိနစ်တွေမှာ ပေါ့ဂ်ဘာက သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းအတွက် သွင်းဂိုးကိုတော့ ၄၉ မိနစ်မှာ အန်ဒါဆန်က သွင်းယူခဲ့ပါတယ်။

"သူတို့က ကျနော်ထက် ပိုကောင်းပြီး ကစားခဲ့တယ်။ ဒီလို ပြောတာက မျှတပါတယ်။ ဒါကို ဘယ်သူကမှ ငြင်းလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ကျနော်တို့ ရုန်းထွက်နိုင်ခဲ့ပါတယ်။ တခါတလေမှာ ကျနော်တို့ နိုင်သင့်တဲ့အချိန် ရှုံးနိမ့်တယ်။ "

ဘာစီလိုနာနဲ့ ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် ဆိုးလ်ရှားဟာ ရပ်ရှ်ဖို့ဒ်နဲ့ တောမီနေးတို့ကို အရံလူစာရင်းမှာ ထားခဲ့ပြီး ပွဲထွက်စာရင်းကို ၅ နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

"ကျနော်တို့ ကစားသမားအချို့ အနားပေးခဲ့တယ်။ ကျေးဇူးတင်စရာက ကျနော်တို့ ဒီပွဲကို ကျော်ဖြတ်နိုင်ခဲ့ပြီး အင်္ဂါနေ့အတွက် အဆင်သင့်ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး စွမ်းဆောင်ရည်နဲ့တော့ ကျနော်တို့ ဘာစီလိုနာမှာ ရုန်းကန်ရမယ်ဆိုတာ ကျနော်တို့ အားလုံး သိထားပြီး တိုးတက်ဖို့ လုပ်ရပါလိမ့်မယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲဟာ မန်ယူအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး အကောင်းဆုံးပုံစံကို မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းကို တစ်ပွဲအသာနဲ့ ပြန်ကျော်တက်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly