ရန်ကုန်-စစ်တွေကားလမ်းတွင် လက်လုပ်ကားမိုင်း ၇ လုံးတွေ့ရှိ

ရန်ကုန်-စစ်တွေကားလမ်းတွင် လက်လုပ်ကားမိုင်း ၇ လုံးတွေ့ရှိ
ဓာတ်ပုံ- ပြည်ထဲရေး

ရန်ကုန်၊ ဧပြီလ ၁၃ ။      ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြား၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံးနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းများကို ဧပြီလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီတွင် တမခ(၅၅) ကွပ်ကဲမှုအောက် ရတခမရ (၁၁၂)မှ တက်မတော်သားများက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ ဧပြီ ၁၃ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြား၊ ကားလမ်းဘေး၌ အမြင့် ၁ ပေ၊ လုံးပတ် ၁၀ လက်မခန့်ရှိ ဒေသန္တရလက် လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားများက မိုင်းများကို သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါနေရာ၏ အရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာ တောင်ကြော၌ အစိမ်းရောင် ပြောက်ကျား ယူနီဖောင်း ၁ စုံ၊ အစိမ်းရောင်လည်တိုဖိနပ် ၁ ရံ၊ မားမီးခေါက်ဆွဲ ၅ ထုပ်၊ ဓာတ်ဆားထုပ် ၄၀ ထုပ်၊ ဘတ္ထရီအိုး ၂ လုံး၊ မီတာတိုင်းတာသည့် စက် ၁ ခု၊ အမျိုးသား/အမျိုးသမီး ဓာတ်ပုံ ၁ ပုံစီနှင့် ဝါယာကြိုးများအား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly