သင်္ကြန်အကြိုနေ့ တွင် အမြန်လမ်း၌ ယာဉ်တိုက်မှု ၄ မှု ဖြစ်ပွား၊ ၁၃ ဦးဒဏ်ရာရ

သင်္ကြန်အကြိုနေ့ တွင် အမြန်လမ်း၌ ယာဉ်တိုက်မှု ၄ မှု ဖြစ်ပွား၊ ၁၃ ဦးဒဏ်ရာရ
ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်၊ ဧပြီလ ၁၃ ။      ။ ခရီးသွားလာမှုများနေသော ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက စုစုပေါင်း ယာဉ်တိုက်မှု ၄ မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတော့ မရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ သိရသည်။

ဖြစ်စဉ် ၁ မှာ ဧပြီလ ၁၃ ရက်၊ နံနက် ၂ နာရီ၊ ၂ဝ မိနစ်ခန့်တွင် မန္တလေး-နေပြည်တော်လမ်း မိုင်တိုင်အမှတ် (၂၉၃/၃-၂၉ ၃/၄)အကြားတွင် ကိုစိုးမိုးနိုင်ဆိုသူမောင်းနှင်လာသည့် Nissan ယာဉ်မှ လမ်းကျော်တက်စဉ် အနောက်မှ လိုက်ပါလာသော  မိုးထက်အာကာယာဉ်မှ Nissan ယာဉ်အား ဝင်တိုက်ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုတွင် မိုးထက်အာကာယာဉ်ပေါ်ပါ ခရီးသည်များ ဒဏ်ရာရရှိခြင်းမရှိသော်လည်း Nissan ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို အမြန်လမ်းရဲတပ်ဖွဲ့သီးကုန်းစခန်းမှတပ်ဖွဲ ့ဝင်များက ကူညီပေးခဲ့ကာ ယာဉ်တိုက်မှုကို ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူစစ်ဆေးနေသည်။

ဖြစ်စဉ် ၂ မှာ ယနေ့ နံနက် ၄ နာရီခန့်တွင် ရန်ကုန်-နေပြည်တော်လမ်းမိုင်တိုင်အမှတ် ၁၁၁/၂-၁၁၁/၃ အကြားတွင် (ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းကြောပိတ်သဖြင့် ရှေ့တွင် ရပ်ထားသော (ဖိုးချစ်)ဇာတ်အဖွဲ့လိုက်ပါလာသည့် မန္တလာမင်း Express ယာဉ်အား တိုက်မိခဲ့သည်။

အဆိုပါ မန္တလာမင်း Expressမှ တဆင့် ရှေ့တွင်ရပ်ထားသော Wish အနက်ရောင်ယာဉ်ကိုတိုက်မိခဲ့ပြီး ထိုယာဉ်မှ တဆင့် Passo အနက်ရောင်ယာဉ်ကို တိုက်မိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ ထိုသို့ ယာဉ် ၄ စီးဆင့်တိုက်မှုတွင် Wish ယာဉ်ပေါ်ပါ ၇ ဦးအနက် ၂ ဦး ဒဏ်ရရှိခဲ့ပြီး (ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်မောင်း ကိုကျော်လွင်ဦးကို အရေးယူထားကြောင်းသိရသည်။

ဖြစ်စဉ် ၃ အနေဖြင့် နံနက် ၆ နာရီခန့်တွင်လည်း ရန်ကုန်-နေပြည်တော် လမ်းမိုင်တိုင်အမှတ် ၁၇၂/၂ အနီးတွင် ARAVAN အဖြူ ရောင်ယာဉ်မောင်းနှင်လာသူ ဦးအောင်ဝင်းထွန်းက ကာတာယာမှ အသံကြားသဖြင့် ယာဉ်အား လမ်းဘေးချရပ်ထားစဉ် ကားပေါ်ပါ ဦးဝင်းမြင့်အောင်က ဆင်းကြည့်ရာတွင် ယာဉ်တစ်စီးမှ ၎င်းအား ဝင်တိုက်မိခဲ့သည်။

တိုက်မိသည့်ယာဉ်မှာ ထွက်ပြေးသွားကြောင်း၊ ဦးဝင်းမြင့်အောင်မှာ ဦးခေါင်းသွေးထွက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လက်ရှိတွင် အမြန်လမ်းရဲတပ်ဖွဲ့ဖြစ်သော သာဂရ ရဲစခန်းမှ ဆွာဆေးရုံသို့ ကူညီပို့ဆောင်ထားပြီး တိုက်ပြေးသွားသည့်ယာဉ်အား ပိတ်ဆို့ရှာဖွေခဲ့ရာ အဖြူရောင်ယာဉ်တစ်စီးအား မသင်္ကာတွေ့ရှိသဖြင့် လက်ရှိတွင် စစ်ဆေးနေကြောင်းသိရသည်။

ဖြစ်စဉ် ၄ မှာ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၇ နာရီ၊ ၁၅ မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးလမ်း မိုင်တိုင်၃၂၇/၇-၃၂၇/၄ အကြားတွင် light truck ယာဉ်မှာ ယာဘက် နောက်ဘီးကျွတ်ကာ ဝဲဘက်လမ်းလယ် ကျွန်းတွင် တိမ်းမှောက်သွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၉ ဦးအနက် ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်း ပြင်စည်စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များမှ ကူညီပေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly