အမြန်လမ်းတွင် ဖိုးချစ်ဇာတ်အဖွဲ့ မော်တော်ယာဉ်အပါအဝင် ယာဉ် ၄ စီးဆင့်တိုက်မှုဖြစ်ပွား

အမြန်လမ်းတွင် ဖိုးချစ်ဇာတ်အဖွဲ့ မော်တော်ယာဉ်အပါအဝင် ယာဉ် ၄ စီးဆင့်တိုက်မှုဖြစ်ပွား
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၃ ။          ။ ရန်ကုန်-နေပြည်တော်လမ်း၊ မိုင်တိုင်အမှတ် ၁၁၁/၂-၁၁၁/၃ အကြားတွင် ဖိုးချစ် ဇာတ်အဖွဲ့လိုက်ပါလာသော ခရီးသည်မော်တော်ယာဉ်အပါအဝင် ယာဉ် ၄ စီးဆင့် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယာဉ် ၄ စီး ဆင့်တိုက်မှုမှာ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၄ နာရီ၊ ၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (ရွှေကြေး စည်) ရွှေစင်စင်္ကြာ Express ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းကြောပိတ်သဖြင့် ရှေ့တွင် ရပ်ထားသည့်ယာဉ်ကို စတင်တိုက်မိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ယာဉ်မှာ ရှေ့တွင် ရပ်ထားသည့် ဖိုးချစ် ဇာတ်အဖွဲ့လိုက်ပါလာသည့် မန္တလာမင်း Express ယာဉ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မန္တလာမင်း Express ယာဉ်မှ ၎င်းရှေ့တွင်ရပ်ထားသော Wish အနက်ရောင်ယာဉ်ကို ဝင်တိုက်ခဲ့ပြီး အဆိုပါ ယာဉ်မှ ရှေ့တွင်ရှိနေသော Passo အနက်ရောင်ယာဉ်ကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ယာဉ် ၄ စီးဆင့်တိုက်မှုကြောင့် ယာဉ်များပေါ်တွင် လိုက်ပါလာသော ဖိုးချစ် ဇာတ်အဖွဲ့အပါအဝင် ခရီးသည်များ ထိခိုက်ဒဏ်ရရှိခြင်းမရှိကြသော်လည်း Wish ယာဉ်ပေါ်ပါ ၇ ဦးအနက် ၂ ဦးမှာ ဒဏ်ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ယာဉ်မဆင်မခြင်မောင်းနှင်သည့် (ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်မှ ယာဉ်မောင်း ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကိုကျော်လွင်ဦးကို အရေးယူထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly