ပျဉ်းမနားမြို့ ဒုတိယအကြိမ် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ကျင်းပ

ပျဉ်းမနားမြို့ ဒုတိယအကြိမ် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ကျင်းပ

နေပြည်တော်၊ ဧပြီလ ၁၃ ။            ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ ဒုတိယအကြိမ်မြောက် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့ ဧပြီ ၁၃ ရက် အကြိုနေ့ နံနက်ပိုင်းက နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တေ်ာ ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် တာဝန်ရှိလူကြီးများက ဖွင့်လှစ်ပေးခဲ့သည်။

ဒုတိယအကြိမ်အတွင်း ထူးခြားသည့် အစီအစဉ်များကို ထည့်သွင်းစီစဉ်ထားကြောင်းကို လမ်းလျှောက်သင်္ကြန် ဖြစ်မြောက်ရေး ဦးစီးကော်မတီဝင် ဦးသိန်းဝင်းက ပြောသည်။

“ ဒီနှစ်ဒုတိယအကြိမ်ကတော့ အရင်တစ်နှစ်ကထက်ကို ပိုမိုပြီး ထူးကဲတာတွေ ပါ ပါတယ်။ ဘာလို့တုန်းဆိုတော့ အကြိုနေ့ကစပြီးတော့ အတက်နေ့ထိအောင် လေးရက်စလုံးကို စတုဒီသာ ကျွေးမွေးမယ်။ နောက် နှစ်ဆန်း တစ်ရက်နေ့မှာ ဘုန်းကြီး ကိုးပါးနဲ့ ပင့်ပြီးတော့ တရားနာမယ် ။ ပရိတ်ရွတ်မယ်။ ညဘက်မှာလည်း တရားပွဲနဲ့ ကျင်းပပေးမှာ ဖြစ်ပါတယ်။ ဒီလိုကျင်းပပေးရတာကတော့ လူငယ်လူရွယ်လေးတွေလည်း ပျော်ရွှင်အောင် နှစ်ဟောင်းက အညစ်အကြေးလေးတွေလည်း စွန့်ပြီးတော့ နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြစ်အောင် ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်”ဟု ၄င်းက ပြောခဲ့သည်။

ယခုနှစ် လမ်းလျှောက်သင်္ကြန်တွင်းမှာတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာသနပ်ခါးကို ဖော်ထုတ် သည့် မြနံ့သာသနပ်ခါးလိမ်းပေးသည့် မဏ္ဍပ်တစ်ခုကိုလည်း ထည့်သွင်းထားသည်ကိုတွေ့ရသည်။

ထိုသို့ သနပ်ခါးလိမ်းပေးသည့် မဏ္ဍပ်ကို ထည့်သွင်းခဲ့ရပုံအကြောင်း မြနံ့သာသနပ်ခါး ထုတ်လုပ်ရေးမှ ဦးရဲဝင်းက “ရည်ရွည်ချက်ကတော့ ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ မြန်မာ့သနပ်ခါးကို ဖော်ထုတ်ချင်တဲ့ အဓိက ရည်ရွယ်ချက်ပါခင်ဗျ ။ မြန်မာနိုင်ငံ သနပ်ခါးအသင်းအနေနဲ့ကလည်း သနပ်ခါးပွဲတော်တွေကို မြို့ကြီးတွေ၊ ရန်ကုန်တို့ ၊ မကွေးတို့၊ မုံရွာတို့မှာလည်း ကျင်းပပြီးသွားပါပြီခင်ဗျ။ နေပြည်တော်မှာလည်း ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီနှစ်သင်္ကြမှာတော့ ထူးထူးခြားခြား ကျွန်တေ်ာတို့ သနပ်ခါးပွဲတေ်ာလေးကို မန္တလေးမှာလည်း လုပ်ဖြစ်တယ်။ မိတ္ထီလာမှာလည်းလုပ်ဖြစ်တယ်။ မကွေးမှာ လုပ်ဖြစ်တယ်။ မုံရွာမှာ လုပ်ဖြစ်တယ်။ အခု ကျွန်တေ်ာတို့ ပျဉ်းမနားမှာလည်း လုပ်ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်အတွင်းတွင် ပျဉ်းမနားမြို့ ဗဟိုမဏ္ဍပ်ကြီးတစ်ခု၊ ရေကစားမဏ္ဍပ်ကြီး ရှစ်ခု၊ မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်တစ်ခု နှင့် ရေကစားမဏ္ဍပ်ကြီးများကြားတွင် မိသားစုရေကစားမဏ္ဍပ်ငယ်များကို ထည့်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly