မကွေးတွင် သားအဖချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

မကွေးတွင် သားအဖချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

မကွေး၊ ဧပြီ ၁၃ ။        ။ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့.နယ်၊ ပုလင်းကြီးအုပ်စု၊ သီးပင်ကျေးရွာတွင် သားအဖနှစ်ဦး စကားများရာမှသားဖြစ်သူက ဓားဖြင့်ထိုး၍ ဖခင်ဖြစ်သူ သေဆုံးခဲ့မှု ဧပြီ ၁၂ရက် ညပိုင်း ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သီးပင်ကျေးရွာ ဦးဌေးမောင်၏နေအိမ်တွင် ဦးဌေးမောင်(၄၅)နှစ်သည် သားဖြစ်သူချစ်စန်းအောင်(၁၅)နှစ်နှင့် သားအဖချင်းစကားများကြရာမှ သားဖြစ်သူကို ဦးဌေးမောင်က ဖန်ခွက်ဖြင့် ပစ်ပေါက်ခဲ့သည်ကို သားဖြစ်သူက ဒေါသမထိန်းနိုင်ဘဲ ဖခင်ကို ဓားဦးချွန်ဓားမြောင်ဖြင့် (၂)ချက်ထိုးခဲ့ကြောင်း သိရသည်။

ဦးဌေးမောင်၏အစ်ကို ဦးဌေးအောင်သည် တူမဖြစ်သူ၏ အကြောင်းကြားချက်အရ ရောက်ရှိလာချိန်တွင် ဦးဌေးမောင်သည် နေအိမ်အပေါ်ထပ်တွင် ဓားဒဏ်ရာဖြင့်လဲကျနေပြီး တူဖြစ်သူချစ်စန်းအောင်အနီးတွင် အရိုး ၄ လက်မ၊အသွား ၈လက်မ၊ဗြက် ၁လက်မခန့်ရှိ ဓားဦးချွန်ဓားမြောင်တစ်ချောင်းအား သွေးများစွန်းပေနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ထို့နောက် မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ည ၁၀ နာရီခွဲအချိန်ရောက်ရှိချိန် တာဝန်ရှိသူများစစ်ဆေးခဲ့ရာတွင် ဦးဌေးမောင်၏ ဝဲဘက်ရင်အုံပေါ်တွင် ၁ လက်မခန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်အုံအောက် ၁ လက်မ ခန့် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ဖြစ်စဉ်နှင့်ပတ်သက်ပြီး ချစ်စန်းအောင်(ခ)ချစ်စန်းမောင်ကို ဧပြီလ ၁၃ရက်နေ့၊ နံနက်အစောပိုင်း ၂ နာရီခွဲ အချိန်မှာ ဒုရဲအုပ်ယဉ်ဝေဖြိုးက မြို့သစ်မြို့မရဲစခန်းကို တရားလိုပြုလုပ် တိုင်တန်းခဲ့ပါတယ်၊ ကျွန်တော်တို့ မြို့သစ်မြို့မရဲစခန်းက ချစ်စန်းအောင်ကို ပအမှတ်(ပ)၂၀၇/၁၉၊ရာဇသတ်ကြီးပုဒ်မ၃၀၂နဲ့ အမှု ရေးဖွင့်ထားပြီး ဒုရဲမှူးရွှေစိန်က အမှုကို စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ်” ဟုမြို့သစ်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly