မန်ယူနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့မတိုင်မီ မက်ဆီကို အနားပေးသွားဖို့ စဉ်းစားနေတဲ့ ဗယ်လ်ဗာဒီ

မန်ယူနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့မတိုင်မီ မက်ဆီကို အနားပေးသွားဖို့ စဉ်းစားနေတဲ့ ဗယ်လ်ဗာဒီ
Photo: EPA

ဗယ်လ်ဗာဒီဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ကို အာရုံစိုက်ထားလိုတာကြောင့် ဒီတစ်ပတ် စနေနေ့မှာ ကစားမယ့် လာလီဂါပွဲစဉ်မှာ လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းက အနားပေးသွားဖွယ်ရှိပြီး ကစားသမားအချို့ကိုပါ အနားပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စမောလင်းနဲ့ ထိခိုက်ခဲ့မိတဲ့ မက်ဆီဟာ လာလီဂါအောက်ခြေမှာရှိတဲ့ ဟူဆာကာနဲ့ အဝေးကွင်းပွဲစဉ် ခရီးစဉ်ကို လိုက်ပါလာဖွယ်မရှိကြောင်း ဗယ်လ်ဗာဒီက သောကြာနေ့က ပြောပါတယ်။

စနေနေ့ပွဲစဉ်အတွက် မက်ဆီကို အနားပေးဖွယ်ရှိ မရှိ ဗယ်လ်ဗာဒီကို မေးမြန်းရာမှာ "အနားပေးနိုင်ဖွယ် ရှိပါတယ်။"လို့ ဖြေကြားခဲ့ပါတယ်။

"သူရဲ့ အခြေအနေကတော့ ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ထိခိုက်မှုကြီးတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ သူဟာ ပွဲစဉ်အတွင်းနဲ့ ပွဲပြီးပြီး နောက်တစ်ရက်အထိ ခံစားခဲ့ရပါတယ်။ ကျနော်တို့ သူ့ကို စမ်းစစ်မှုတွေ ပြုလုပ်သွားမှာပါ။"

"စနေနေ့ပွဲအတွက် အပြောင်းအလဲတွေ ရှိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပွဲစဉ်ဇယားတွေဟာ အရမ်းပဲ ကြပ်နေလို့ပါ။"လို့ သူက ပြောပါတယ်။

အကျင်္ီချွတ်အောင်ပွဲခံခဲ့မှုကြောင့် ပွဲပယ်ခံရတဲ့ ဆွာရက်ဇ်နဲ့ အက်သလက်တီကိုနဲ့ပွဲမှာ ဒီရာသီ ၅ ကြိမ်မြောက် အဝါကတ် ပြသခံရပြီး တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရတဲ့ ပီကေးတို့ဟာ ဟူဆာကာနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဘူးစကွက်စ်ကိုပါ အနားပေးမှာဖြစ်ပြီး ရာကီတီနဲ့ ရောဘတ်တိုတို့မှာလည်း ဒဏ်ရာကြောင့် လွှဲချော်မှာဖြစ်ပါတယ်။

ဗယ်လ်ဗာဒီရဲ့ ဘာကာဟာ လာလီဂါအမှတ်ပေးဇယားထိပ်မှာ ၁၁ မှတ်ဖြတ်ပြီး ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒုတိယအကျော့ကို အင်္ဂါနေ့မှာ မန်ယူအသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly