စစ်အာဏာသိမ်းပြီး နောက်တစ်ရက်မှာပဲ ဆူဒန်စစ်တပ်အကြီးအကဲ ရာထူးက နုတ်ထွက်

စစ်အာဏာသိမ်းပြီး နောက်တစ်ရက်မှာပဲ ဆူဒန်စစ်တပ်အကြီးအကဲ ရာထူးက နုတ်ထွက်
Photo: AFP

ခါသွမ်း၊ ဧပြီ ၁၃ ။        ။ ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်အပြီး နောက်တစ်ရက်မှာပဲ အာဏာသိမ်းခေါင်းဆောင် စစ်တပ်အကြီးအကဲက ရာထူးက နုတ်ထွက်သွားတာကြောင့် ပြည်သူတွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလာကြပါတယ်။

သမ္မတ  အိုမာအယ်လ်ဘာရှားကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေက အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် လမ်းဖွင့်ပေးမယ်လို့ ကျမ်းသစ္စာဆိုပြီး နောက်တစ်ရက် ဧပြီ ၁၂ ရက်မှာ စစ်တပ်အကြီးအကဲ အော့ဝတ်ဒ်အမ်းအော့ဖ်က ရာထူးက နုတ်ထွက်ကြောင်းကို နိုင်ငံပိုင်ရုပ်သံကနေ ကြေညာလိုက်တာပါ။

ဆူဒန်နိုင်ငံမှာ ကုန်စည်စျေးနှုန်းတွေ ကြီးမြင့်တာကြောင့် ဒီဇင်ဘာလကစပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်တာကြောင့် လများစွာ တည်ငြိမ်မှု ကင်းမဲ့နေတာပါ။ ဒီလို ဆန္ဒပြမှုတွေကြားမှာ ရေရှည်အုပ်စိုးလာသူ သမ္မတ အိုမာဘာရှားကို စစ်တပ်က ဖယ်ရှားလိုက်ပြီး အာဏာသိမ်းခဲ့တာပါ။

ရာထူးက နုတ်ထွက်ကြောင်း ကြေညာတဲ့ ကာကွယ်ရေးဝန်ကြီး အော့ဝတ်ဒ်အမ်းအော့ဖ်က သူ့နေရာမှာ စစ်တပ်အကြီးအကဲအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဖတ်တက်ရှ်အက်ဒဲလ်ရတ်မန်းဘာဟန်းက ဆက်ခံမှာ ဖြစ်ကြောင်း ကြေညာပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်တွေဟာ သမ္မတ ဘာရှားနဲ့ အလွန်နီးစပ်တဲ့ သူတွေဖြစ်တယ်လို့ ပြောဆိုကြလျက် ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်ကနေ ဖယ်ခွာသွားဖို့ကို ငြင်းဆန်ပြီး ဆက်ပြီး ဆန္ဒပြနေတာကြောင့် အခုလို ဆူဒန်စစ်ကောင်စီရဲ့ အကြီးအကဲ ရာထူးက နုတ်ထွက်လိုက်ရတာပဲ ဖြစ်ပါတယ်။

အာဏာကို နှစ်နှစ်တာ ရယူထားမှာဖြစ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ကြောင်း စစ်တပ်က ကြေညာထားပါတယ်။

လတွေနဲ့ ချီဖြစ်ပွားနေတဲ့ ဆူဒန်က စရိတ်စကကြီးမြင့်မှုတွေအပေါ် ဆန္ဒပြသမှုတွေမှာ သေဆုံးသူပေါင်း အနည်းဆုံး ၃၈ ဦး ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly