ABSDF မှ ရဲဘော်နှစ်ဦးကို ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်

ABSDF မှ ရဲဘော်နှစ်ဦးကို ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်

ရန်ကုန် ၊ ဧပြီ ၁၂ ။     ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ  ရဲဘော်နှစ်ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်မှုဖြင့် ပတ်သက်ပြီး ABSDF ဘက်မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းနေသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် တရားမျှတသည့် ဆုံးဖြတ်ချက်တစ်ခု မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်ပါသည်” ဟု ABSDF ကဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရသူများသည် ABSDF မြောက်ပိုင်းဒေသ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေဦး နှင့်  ဗိုလ်အဆင့် ရှိသူ ဦးမောင်ဦး တို့ ဖြစ်သည်။

“အစိုးရ၊ တပ်မတော် နှင့် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် သဘော တူညီချက်များကို အပြည့်အဝတာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းကို ပြသနေပါသည်။” ဟု ABSDF ၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

NCA စာချုပ်၌ လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက် ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာသွားလာခွင့်ပြုရန် ဆိုသည့် အချက် ပါဝင်ခြင်းကြောင့် ယခုလို မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခြင်းသည် စာချုပ်ပါ အချက်အလက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ABSDF က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်လည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပုဒ်မ (၁၇/၁) ဖြင့် ဖမ်းဆီးခံရပြီးနောက် ၈လခန့် တရားရင်ဆိုင်ကာ တရားသေလွှတ်ပေးခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly