ပုလောမြို့တွင် သင်္ကြန်မတိုင်မီ ကျားဆုခံပွဲကို အစဉ်အလာမပျက် ကျင်းပ

ပုလောမြို့တွင် သင်္ကြန်မတိုင်မီ ကျားဆုခံပွဲကို အစဉ်အလာမပျက် ကျင်းပ

မြိတ်၊ ဧပြီ ၁၂ ။    ။ နှစ်စဉ် သင်္ကြန်ကာလ၌သာ ကျင်းပလေ့ရှိတဲ့ ကျားဆုခံပွဲကို ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ပုလောမြို့နယ် ၌ကျင်းပနေပြီ ဖြစ်ပါတယ်။

အဆိုပါ ကျားဆုခံပွဲဟာ တနင်္သာရီတိုင်းအတွင်းက ထူးခြားတဲ့ ဓလေ့ အက တစ်ခု ဖြစ်ပြီး၊ မြိတ်- တနင်္သာရီနှင့် ပုလောမြို့နယ်တို့မှာ နှစ်စဉ် သင်္ကြန်ကာလ နီးပြီး ဆိုတာနဲ့ ကျင်းပနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ကျားအကကို ဒေသအခေါ် ကုလားကျားလို့ အမည်ခေါ်တွင်ပြီး၊ တချို့ကလည်း လူကျား အကလို့လည်း ခေါ်ဆိုကြပါတယ်။ လူတစ်ကိုယ်လုံးမှာ အဝါရောင် အနီရောင်နဲ့ အမဲရောင်စတဲ့ ဆေးရောင်တွေ ချယ်သထားပြီး  ကျား တစ်ကောင်လို ချယ်သထားတာ ဖြစ်ပါတယ်။

ကုလားကျား အကဟာ လွန်ခဲ့သော ၁၉၂၁ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တယ်လို့ ပုလောမြို့ရဲ့ ရှေးလူကြီးများ ပြောပြပါတယ်။လက်ရှိမှာတော့ ကုလားကျား အကကို တနင်္သာရီနဲ့ မြိတ်မြို့နယ်တို့ မှာ ကပြမှုတွေ မရှိသလောက်နည်းပါးနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပုေလောမြို့နယ်မှာတော့ နှစ်စဉ် သင်္ကြန်ရာသီ ရောက်ပြီဆိုတာနဲ့ ပုလောမြို့သူ မြို့သား တွေဟာ ဒီပွဲနဲ့ ပတ်သက်ပြီး ဓလေ့တစ်ခုလို ကျင်းပနေခြင်းဟာ ယနေ့အထိ ဖြစ်ပါတယ်။နှစ်စဉ် ဧပြီလ ၉ ရက် ကနေ ၁၃ ရက်နေ့ (သင်္ကြန် အကြိုနေ့) အထိ ကျင်းပတဲ့ ကုလားကျား အကဟာ မြို့လုံးကျွတ် အားပေးမှုတွေ လည်း ရှိနေပါတယ်။ ဖျော်ဖြေကပြတဲ့ အထဲမှာဆိုရင်လည်း တကယ့်ကို နတ်ဝင်စီးသလိုမျိုး ကျားဝင််ပူးခြင်းဟာ ပုလောမြို့သူ မြို့သားမှန်လျှင် ကလေး၊လူကြီးပါ ဝင်ပူးတယ်လို့ သိရ ပါတယ်။

ယခင်က ပုလောမြို့မှာ ဘုန်းတော်ကြီး ၅ ကျောင်း အတွက် ကုလားကျား အကအဖွဲ့ ၅ ဖွဲ့ ရှိသလို အခု ချိန်မှတော့ ကျောင်း ၄ ကျောင်းနဲ့ အဖွဲ့ ၄ ဖွဲ့သာ ကျန်ပါတော့တယ်။ ကုလားကျား အက အဖွဲ့မှာ ဗုံတီးသူများ၊ ကျားအက ကပြမယ့်သူများ၊ မုဆိုးများ ၊ လွန်းဘန်ခွက် ကိုင်သူတွေနဲ့ ကျားဖမ်းသူတွေလည်း ပါပါတယ််။

နှစ်စဉ် ကပြတဲ့ ကုလားကျားရဲ့ အဓိက အကြောင်းအရင်းကတော့ ဒေသအခေါ်အရ (အိမ်ခုံတယ်) လို့ အဓိပ္ပါယ် ရပြီး အိမ်ခုံတယ်ဆိုတာက အလှူခံခြင်း တစ်မျိုးဖြစ်ပါတယ်။အဆိုပါ အကနဲ့  မြို့တွင်း လှည့်လည်ပြီး အလှူခံ သလို တစ်အိမ်တက် တစ်အိမ်ဆင်း အလှူခံလို့ ရလာတဲ့ အလှူငွေများကို ဘာသာသာသနာအတွက် ပြန်လည် အသုံးပြုကြလေ့ရှိပါတယ်။

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly