စင်ထရယ်ဝေါလ်မီးလောင်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ပါဝင်

စင်ထရယ်ဝေါလ်မီးလောင်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ပါဝင်
 ဓာတ်ပုံ- ကိုစောမောင်

ဘန်ကောက် ၊ ဧပြီ ၁၁ ရက်။               ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နယ်၊ ပထုန်ဝမ်နယ်မြေရှိ စင်ထရယ်ဝေါလ်ကုန်တိုက်ရှိ Central Grad ဟိုတယ်၌ ဧပြီ ၁၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာတွင် မြန်မာအမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ကျွန်မက Central World အရှေ့မှာ အသီးအနှံ ရောင်းတဲ့သူပါ။ မနေ့ ညနေက ၅ ထပ်မှာ ရေသန့်ဘူး တက်ဝယ် ချိန် မီးလောင်မှုဖြစ်တော့ တစ်တိုက်လုံး မီးခိုးတွေလည်း ပြည့်နေပြီး၊ မီးကလည်း ဖြတ်လိုက်တော့ ပိုဆိုးပြီး ထွက်ပေါက်တွေကလည်းပိတ်၊ မီးခိုးမွှန်ပြီး အသက်ရှုကြပ်ပြီးသတိလစ်သွားတယ်”ဟု ကာယကံရှင် မဝင်းဝင်းစန်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဘန်ကောက်မြို့ရှိ ကင်းချူလာလောင်ကွန်း ဆေးရုံသို့ ၅ ဦးနှင့် ထိုင်းတပ်မတော်ဆေးရုံသို့ လူနာ ၁၀ ဦးတို့ကို ပို့ဆောင်ကုသထားခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သား မဝင်းဝင်းစန်းမှာ ကင်းချူလာလောင်ကွန်ဆေးရုံတွင် တက်ရောက် ကုသနေပြီး ဧပြီ ၁၁ ရက်တွင် အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ မနေ့က ဖြစ်စဉ်မှာ ကျွန်တော်တို့နိုင်ငံသားတစ်ဦး ပါတယ်။ ကင်းချူလာလောင်ကွန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်ဆိုတာသိတာနဲ့ ကျွန်တော်တို့ သွားတွေ့ပြီး လိုအပ်မယ့် အကူညီတွေရှိရင်ပေးမလို့ သွားခဲ့တာပေါ့။ လက်ရှိအခြေနေအရ အတော်သက်သာလာလို့ ဒီနေ့ ဆေးရုံက ဆင်းရတော့မှာပါ။ လက်တလောအတွက် သူတို့ လိုအပ်တာတွေရှိရင် အသုံးပြုဖို့ ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်”ဟု  မြန်မာ အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

ယမန်နေ့ ဧပြီ ၁၀ ရက် ညနေ ၅ နာရီ ၄၁ မိနစ်ခန့်က စင်ထရယ်ဝေါလ်ရှိ Central Grad ဟိုတယ် (၈) ထပ် ရှိ စာရွက်စာတမ်းသိမ်းဆည်းရာအခန်းမှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားနေစဉ် Central World ကုန်တိုက်ဝန်ထမ်း ထိုင်းနိုင်ငံသား ၂ ဦး က အဆောက်အဦပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကာ နေရာတွင် ၁ ဦးသေဆုံးခဲ့ပြီး ဆေးရုံအရောက်တွင် ၁ ဦး သေဆုံးခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားမဝင်းဝင်းစန်းအပါဝင် ကင်းချူလာလောင်ကွန်းဆေးရုံ၌ ဆေးကုသမှု ခံယူ နေသူများကို ဧပြီ ၁၁ ရက် နေ့ခင်းပိုင်းက ထိုင်းဘုရင့်နန်းတွင်းမှ အရာရှိများ လာရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာအလုပ်သမားရေးကူညီရေးအဖွဲ့မှ ကိုစောမောင်ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly