ရခိုင်စစ်ရှောင် သုံးသောင်းကျော် နေရေးအခက်ကြုံနေရ

ရခိုင်စစ်ရှောင် သုံးသောင်းကျော် နေရေးအခက်ကြုံနေရ
ဓာတ်ပုံ- EPA

ရန်ကုန်၊ ဧပြီ ၁၁ ။    ။ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် သုံးသောင်း (၃၀၀၀၀) ခန့်အထိရှိလာပြီး စစ်ဘေးရှောင် အားလုံးနီးပါး နေထိုင်ရေး အခက်ကြုံနေကြရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးရွှေဘော်စိန် ကမဇ္စျိမသို့ပြောသည်။

၁၀ ရက်အတွင်း ပိုမိုပြင်းထန်လာသည့်တိုက်ပွဲများကြောင့် အနည်းဆုံးစစ်ရှောင် တစ်သောင်းခန့်ထပ်တိုးလာပြီး စစ်ရှောင်အများစုမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် အစုလိုက်အပြုံလိုက်နေထိုင်ကြရပြီး အချို့မှာ တာလပတ်မိုးတဲအိမ်ငယ်လေးများထဲတွင် နေထိုင်နေရသည်ဟု ၎င်းကဆိုသည်။

“ စားရေး (စားသောက်ရေး) က ဟိုကပေးလိုက် ဒီကပေးလိုက်နဲ့စားလို့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ နေရေးထိုင်ရေးနဲ့ ကျန်းမာရေးရော ဒုက္ခရောက် နေကြတယ်”ဟု ဦးရွှေဘော်စိန်ကပြောသည်။

စားသောက်ရေး ရိက္ခာအတွက် လွှတ်တော်အမတ်အပါအဝင် အစိုးရပိုင်းမှကူညီပေးသော်လည်း ရာသီဥတုကြမ်းတမ်းလာသည့်အတွက် နေရေးအခက်ကြုံ လာရခြင်းလည်းဖြစ်သည်။

“ ရာသီဥတုကလည်း ပူပြင်းလာတယ်။ နေ့ရော ညရော အခုဆိုရင်လေကြမ်းတွေတိုက်လာတယ်။ ဖုန်မှုန့်တွေလွင့်လာတယ်။ နောက်ပြီး ဟိုတစ်ရက်ကဆို သန်းခေါင်လောက်မှာ မုန်တိုင်းတွေ နည်းနည်း တိုက်လာတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးရွှေဘော်စိန် ကပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှနေ၍ ပြုစုထားသည့်စာရင်းများအရ ဧပြီ ၁၀ ရက်နေ့ထိ လူသုံးသောင်းခန့်စစ်ရှောင်နေရခြင်းဖြစ်ပြီး ယင်းထဲတွင် စစ်ရှောင်စခန်းရောက်ဦးရေ၊ နီးစပ်ရာရွာများတွင် ခုံလှုံရသည့် ဦးရေတို့အားလုံးပါဝင်သည်ဟုလည်း သိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များအတွက် ရခိုင်ပြည်နယ်အစိုးရမှနေ၍ မိုးတွင်းကာလတွင် နေရေးထိုင်ရေး အဆင် ပြေမည့်အနေအထားရှိသော အိမ်များကို စီစဉ်ပေးရန်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကဆိုသည်။

“ အဲ့တာတွေတော့ ကျွန်တော်တို့လည်းသဘောပေါက်ပါတယ်။ မိုးလေဝသကဖောက်ပြန်ရင်တော့ ဒါတွေကတော့ သူတို့ကြုံကြိုက်မှာပါ။ ဒါကြောင့်မို့လို့ လည်း သင်္ကြန်ကျော်တာနဲ့လုပ်ပေးနိုင်ဖို့ကို စီစဉ် နေပါတယ်။ မေလ လောက်တော့ လုပ်ငန်းစနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

စစ်ရှောင်များအတွက် နေရေးစီစဉ်ပေးနိုင်ရန် မြေနေရာများငှားရမ်းခြင်းမျိုးတို့ကိုဆောင်ရွက်နေပြီး မည်သည့်ပုံစံမျိုး စီစဉ်ပေးမည် ကိုလည်း ပြည်ထောင်စုအစိုးရထံတင်ပြ အကြံတောင်းခံထားသည်ဟုလည်း ဦးဝင်းမြင့်ကပြောသည်။

တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့၏ ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာဖြစ်ပွားခဲ့သည့်တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည့်အတွက်ကြောင့် စစ်ဘေး ရှောင်များတဖြည်းဖြည်းတိုးပွားခဲ့ခြင်းလည်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly