သင်္ကြန်တွင် အရက်၊ မူးယစ်ဆေးနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အသိဖြင့် စည်းကမ်းလိုက်နာရန် လို

သင်္ကြန်တွင် အရက်၊ မူးယစ်ဆေးနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အသိဖြင့် စည်းကမ်းလိုက်နာရန် လို
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဧပြီလ ၁၁ ။            ။ သင်္ကြန်ကာလတွင် အရက်သေစာ၊ မူးယစ်ဆေးဝါးများ သောက်စားသုံးစွဲမှုရှိ၊ မရှိကို စစ်ဆေးနိုင်ရန် ခက်ခဲမှုများ ရှိသဖြင့် ကိုယ်ပိုင်အသိစိတ်ဖြင့် စည်းကမ်းလိုက်နာပါက ပိုမို အဆင်ပြေမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သိန်းဦးက ပြောသည်။

" ကျွန်တော်တို့အနေနဲ့ သင်္ကြန်မတိုင်ခင်မှာ ကြိုတင်ကာကွယ်မှုအနေနဲ့ ဖမ်းဆီးအရေးယူမှု၊ စစ်ဆေးမှုတွေ ရှိပါတယ်။ ဒါပေမယ့် ရှင်းရှင်းပြောရရင် သင်္ကြန်ကာလအတွင်းမှာ ဒီလောက်လူအုပ်အများကြီးနဲ့ ကျွန်တော်တို့ က သွားပြီးတော့ စစ်ဆေးခဲ့မယ်ဆိုရင်လည်း ထိပ်တိုက်ဖြစ်လာနိုင်မယ့် အနေအထားတွေရှိပါတယ်။ အဓိက ပြောမယ်ဆိုရင် ကျွန်တော်တို့ဘက်ကတော့ ဒါတွေမလုပ်သင့်ပါဘူး။ ဒါတွေရှောင်ကြဉ်ရမယ်ဆိုတာကို သတိပေးတာ ဖြစ်ပါတယ်"ဟု ဒုရဲမှူးကြီး သိန်းဦးက ပြောသည်။

အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သိန်းဦး/ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ဧပြီလ ၁ဝ  ရက်နေ့၊ နံနက်ပိုင်း၊ ရန်ကုန်မြို့၊ ၅၁ လမ်းတွင် ရှိသည့် အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးတွင် ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

" သင်္ကြန်အတွင်းကတော့ အရေးယူဖို့ အင်မတန်ခက်ပါတယ်။ သင်္ကြန်ကတော့ အကုန်လုံးပျော်နေကြ တာဖြစ် ပါတယ်။ ဥပမာဆိုတဲ့သဘောက သူတို့ပျော်နေတယ် ။ သူတို့ ပျော်နေတဲ့အချိန်မှာ သွားစစ်မယ်ဆိုရင် ဘယ်လို ခေါ်မလဲ သူတို့ပျော်နေတာကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ အမြင်မျိုးမြင်သွားမှာဖြစ်ပါတယ်။ အမြင် မကောင်းပါဘူး။ ဒါက သူသူကိုယ်ကိုယ်ပါပဲ" အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သိန်းဦးက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား စုစုပေါင်းမှာ ၁ဝ၆၈ ဦးရှိပြီး ယင်းအထဲမှ ၁ဝဝ၂ ဦး မှာ သင်္ကြန်ကာလအတွင်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ကျန် ၆၆ ဦးမှာ ဆေးခွင့်ယူထားသူများနှင့် သင်တန်း သွားရောက်နေသူများဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် သင်္ကြန်ကာလအတွင်း စည်းကမ်းမဲ့သူများအား အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမည့် အစီ အစဉ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မဇ္စျိမက မေးမြန်းခဲ့ရာတွင်  " သင်္ကြန်ကာလအတွင်းမှာလည်း အရေးယူမှုပိုင်း တွေကို လိုအပ်ရင်လုပ်မှာပါ။ သို့သော်လည်းပဲ ဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းက ပိုပြီးတော့ ကောင်းမွန်ပါတယ်"ဟု ရဲမှူးကြီး သိန်းဦးက ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများမှာ ၂ဝ၁၄ ခုနှစ်တွင် ၆၂ မှု၊ ၂ဝ၁၅ ခုနှစ်တွင်  ၅ဝ မှု၊ ၂ဝ၁၆ ခုနှစ်တွင် ၁၆ မှု၊ ၂ဝ၁၇ ခုနှစ်တွင် ၅၅ မှု၊ ၂ဝ၁၈  ခုနှစ်တွင် ၃၈ မှုဖြစ်ပွားခဲ့ကြောင်း  ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

မကြာခင်ကျရောက်တော့မည့် သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မဏ္ဍပ်အကြီး ၁၄ ခု၊ မဏ္ဍပ် အလတ် ၁၃ ခု၊ လမ်းလျှောက်သင်္ကြန် ၅ ခု၊ စုစုပေါင်း ၃၂ ခုရှိပြီး ကနဦးက ရခိုင်ရိုးရာသင်္ကြန်ကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် မကျင်းပဖြစ်တော့ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖျက်သိမ်းလိုက် ပြီဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly