မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်မှ ဒေါ်လာသန်း ၉၅၀ ကျော် ကူညီထောက်ပံ့ခဲ့

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်မှ ဒေါ်လာသန်း ၉၅၀ ကျော် ကူညီထောက်ပံ့ခဲ့

နေပြည်တော်၊ ဧပြီလ ၁၀ ။           ။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီမိုကရေစီအသွင်းကူးပြောင်းကာလမှ စတင်ကာ ယနေ့အချိန်ထိ ထောက်ပံ့ ကူညီမှုသည် ဒေါ်လာသန်း ၉၅၀ ကျော်ရှိသွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောသည်။

“မြန်မာနိုင်ငံမှာဒီမိုကရေစီအသွင်ကူးပြောင်းရေး စတင်လာတဲ့အချိန်ကနေစပြီးတော့ အခုထိ ကျွန်တော်တို့ ပေးခဲ့တဲ့အကူအညီတွေဟာဆိုရင် အမေရိကန်ဒေါ်လာသန်းပေါင်း ၉၅၀ ကျော် ဝန်းကျင်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အင်မတန်မှအထင်ကရဖြစ်တဲ့ အသွင်ကူးပြောင်းရေး အတွက်ကျွန်တော်တို့ ကူညီနိုင်ခဲ့တာဖြစ်ပါတယ်”ဟု ၄င်းက ယနေ့ နေပြည်တော်ရှိ Hilton ဟိုတယ်ဝန်းထဲတွင် အမေရိကန်သံရုံး ဆက်ဆံရေးရုံး တရားဝင်ပန္နက်ချသည့်အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ သည်။

ထို့ပြင် လူပေါင်း ၁.၁သန်းကျော်အတွက် စားနပ်ရိက္ခာ၊ တောင်သူလယ်သမားများ၊ ပဋိပက္ခဒေသများဖြစ်သည့် ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒုက္ခသည်များအပါအဝင် မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှု အကူအညီများအတွက် ဒေါ်လာသန်းသုံးရာနီးပါးကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း အသုံးပြုခဲ့သည်ဟု ဆိုသည်။

နေပြည်တော်တွင် အမေရိန်ကန်သံရုံး ဆက်ဆံရေးကို ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး သံရုံးဖွင့်လှစ်ရန်ပါ စီစဉ်နေသည်ဟု သိရသည်။

“ ကျွန်တော်တို့ရဲ့ ကွန်ဂရက်ကနေပြီးတော့မှ သံရုံးအဆောက်အဦတစ်ခုလုံး ဆောက်ဖို့အတွက်ကို ဘတ်ဂျက် တောင်းရမှာဆိုတော့ အချိန်တစ်ခု လိုပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ အခုလို ဆက်ဆံရေးရုံးခန်း ဖွင့်လိုက်တာပါ။ သံရုံးကြီးတစ်ခုလုံး ဖွင့်ဖို့အတွက်ကို အချိန်ယူပြီးတော့ ကာလရှည်စီမံကိန်းတွေနဲ့ လုပ်နေတဲ့ အချိန်ကာလလေးအတွင်းမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေ ပိုဆောင်ရွက်နိုင်အောင် ဒီဆက်ဆံရေးရုံးခွဲကို ဖွင့်လှစ်တာပါ”ဟု ၄င်းက ပြောသည်။

အဆိုပါ ဆက်ဆံရေးရုံးကို ၂၀၂၀ ခုနှစ် အစပိုင်းတွင် ပြီးစီးမည်ဟု မျှော်မှန်းထားပြီး အမေရိကန်အရာရှိ ၃ ဦး၊ ဌာနေဝန်ထမ်း အယောက် ၂ဝခန့်ကို ကနဦးထားရှိသွားမည်ဖြစ်ကာ သံရုံးတစ်ခုလုံး ဆောက်လုပ်ရန်အတွက်မူ မြေနေရာရရှိရန် လိုအပ်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောသွားသည်။

ထိုကဲ့သို့ နိုင်ငံကြီးများမှ ဆက်ဆံရေးရုံးများ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ပြောင်းရွှေ့လာခြင်းအပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “ကျွန်တေ်ာတို့ အနေနဲ့ကတော့ ပြောင်းရွှေ့လာတဲ့လူကို အားပေးပါတယ်။ ဒါကတော့ ပထမအဆင့်ပဲ ရှိသေးတာပေါ့။ ဒါနဲ့ ပတ်သက်လို့ ဆက်ဆံရေးရုံးကတော့ သံရုံးကြီး တကယ့် နေပြည်တော်ကိုပြောင်းရွှေ့ဖို့အတွက် ပထမအဆင့် ပြင်ဆင်မှုတွေဆောင်ရွက်ဖို့အတွက် ရွှေ့ပြောင်းလာခြင်း ဖြစ်ပါတယ်။ ရေရှည်မှာကတော့ ဒါ သံရုံး တစ်ခုလုံး ပြောင်းလာဖို့က အဓိကမျှော်မှန်းချက်ဖြစ်ပါတယ်”ဟု ပြောကြားသည်။

နေပြည်တော်တွင် လက်ရှ်၌ တရုတ်နိုင်ငံမှ Grand Ace Villa တွင် တရုတ်ဆက်ဆံရေးကို ဖွင့်လှစ်ထားရှိပြီ ဖြစ်ပြီး၊ အမေရိကန်နိုင်ငံနှင့်ဆိုလျှင် နှစ်နိုင်ငံ ရှိပြီဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly