လက်နက်ကြီးစခန်းများကိုသာ တိုက်ခိုက်ခဲ့ခြင်းဟု AA ဘက်မှ ပြော

လက်နက်ကြီးစခန်းများကိုသာ တိုက်ခိုက်ခဲ့ခြင်းဟု AA ဘက်မှ ပြော
Arakan Army soldiers take aim from an undisclosed location in Myanmar. Photo: Arakan Army Video

ရန်ကုန်၊ ဧပြီ ၁၀ ။          ။ မြောက်ဦးမြို့နယ်အတွင်းရှိ တပ်မတော်၏လက်နက်ကြီးစခန်းများကိုသာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ရက္ခိုင့်တပ်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧပြီ ၁၀ ရက် ညနေပိုင်းက မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ ဧပြီ ၉ ရက်နေ့၊ ညပိုင်းက စတင်ကာ ယနေ့နံနက်ပိုင်း အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို ရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ မြောက်ဦးမြို့ပြင်မှာရှိတဲ့ သူတို့ရဲ့အဓိကလက်နက်ကြီးစခန်း အဲဒီကနေပြီးတော့ မြောက်ဦးမြို့နယ်တစ်ခုလုံး မင်းပြားမြို့နယ်ထဲ ထိအောင် အမြဲတမ်းပစ်နေတဲ့ဟာရှိတယ်။ နောက်တစ်ခုကတော့ မြောက်ဦးမြို့နယ်ထဲမှာပဲ လေညှင်းတောင်ဆိုတာ ရှိတယ် အဲဒီမှာလည်း လက်နက်ကြီးတွေ သယ်ပြီး၊ အခြေကုပ်ယူပြီး လက်နက်ကြီး ပစ်နေတာ ရှိတယ်။ အဲဒါလည်း လက်နက်ကြီးစခန်းပါပဲ” ဟု ဦးခိုင်သုခက ပြောသည်။

AA ဘက်မှ လိုအပ်သည့်အင်အားမျိုးကို အသုံးပြုတိုက်ခိုက်သည်ဟု ပြောဆိုသော်လည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အခြေစိုက် ရဲတပ်ရင်းဌာနချုပ်ကို အင်အား ၄၀၀ ခန့်ဖြင့် အလုံးအရင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသည်။

ထို့ပြင် တိုက်ခိုက်မှုဖြစ်ပွားရာနေရာသည် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်းဌာနချုပ်သာဖြစ်ပြီး လက်နက်ကြီး အမြှောက်တပ်ဖွဲ့အခြေချထားခြင်းမျိုး မရှိကြောင်း ယနေ့အစောပိုင်းက တပ်ဘက်မှ ပြောဆိုထားသည်။

ထို့ကြောင့် AA အား ရဲတပ်ရင်းဌာနချုပ် လုံခြုံရေးစစ်ကြောင်းများအပြင် မြောက်ဦးမြို့ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကလည်း ပစ်ကူပစ်အားသုံး၍ စစ်ကူတိုက်ခိုက်ခဲ့ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ ရယူပြီးနောက် AA ဘက်မှ ဆုတ်ခွာသွားကြောင်း တပ်မတော်မှ ဧပြီလ ၁၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်တွင် ရဲတပ်ရင်းဌာနချုပ်ရှိ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရဲမိသားစုဝင် အချို့ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်အချို့ ပျောက်ဆုံးနေကြောင်း ပဏာမစိစစ်ချက်များအရ သိရှိရသည် ဟု ယနေ့ညနေပိုင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး “သု့ံပန်း ဘယ်နှစ်ယောက်ဆိုတာ ကျွန်တော် အသေးစိတ်မသိရသေးဘူး” ဟု AA မှ ဦးခိုင်သုခက ယနေ့ ညနေ ၆ နာရီခန့်တွင် မဇ္ဈိမသို့ ပြောသည်။

တပ်မတော်မှ ထုတ်ပြန်ရာတွင် AA မှ သာထွန်းစံ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၃၅ ဦးပါအဖွဲ့မှ သိန်းထွန်းစိန်ပါ ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ်အား ဆက်လက်စစ်ဆေးလျက်ရကြောင်း၊ ဖမ်းဆီးရမိသူများအား နေ့စဉ် ထုတ် သတင်းစာများတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ AA နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly