နေပြည်တော်တွင် အမေရိကန်သံရုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် စီစဉ်

နေပြည်တော်တွင် အမေရိကန်သံရုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် စီစဉ်

ဧပြီ ၁၀ ။                 ။ အမေရိကန်သံရုံးဆက်ဆံရေးရုံးကို နေပြည်တော်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၂၀ တွင် ပြီးစီးဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အမေရိကန်ဆက်ဆံရေးရုံး တရားဝင်ပန္နက်ချသည့်အခမ်းအနားကို ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်ဝန်းအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါရုံးသည် အမေရိကန်သံတမန်များနှင့် မြန်မာအစိုးရအကြား ထိတွေ့ဆက်ဆံရေး လွယ်ကူအဆင်ပြေ စေရန်အတွက် ဖြစ်ပြီး အမေရိကန်အရာရှိ ၃ ဦး၊ ဌာနေခန့်ဝန်ထမ်း အယောက် ၂၀ ကို ကနဦး ထားရှိသွားမည် ဖြစ်သည်။

“ပိုမိုငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ဒီမိုကရက်တစ် လွတ်လပ်မှုအတွက် အောင်မြင်မှုတွေရဖို့ မြန်မာနိုင်ငံအတွင်း မြောက်များစွာ စွန့်လွတ် အနစ်နာခံခဲ့ရမှုတွေအတွက် အားပေးကူညီဖို့ အမေရိကန်ပြည်သူတွေက သန္နိဋ္ဌာန် ချထားပါတယ်။ ဒီရည်မှန်းချက်တွေ ရှေ့ဆက် ဖော်ဆောင်ရာမှာ မြန်မာအစိုးရနဲ့အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ဖို့အတွက် ဒီရုံးအသစ်က ကျွန်တော်တို့ရဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေကို ပိုမိုအားကောင်းလာ စေမှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီးမာစီရယ်က ပြောသည်။

 နေပြည်တော်ရှိ အဆိုပါ ဆက်ဆံရေးရုံးကတစ်ဆင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော ငြိမ်းချမ်း၍ သာယာဝပြောသည့် ဒီမိုကရက်တစ် မြန်မာနိုင်ငံကို အားပေးကူညီရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ထို့ပြင် သင့်တော်သော မြေနေရာသတ်မှတ်၍ ရရှိပြီးသည်နှင့် တစ်ပြိုင်နက် သံရုံးဆောက်လုပ်ရန် စီစဉ်နေသည် ဟုလည်း ပါရှိသည်။

 ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားပြီး အစိုးရရုံး အများစုအခြေစိုက်ရာ နေပြည်တော်သို့ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required