ရန်ကုန်တိုင်းရှိ ရွှေ့ပြောင်းအလုပ်သမား ၃၀ ရာခိုင်နှုန်းကျော်မှာ ဧရာဝတီတိုင်းကဟု ဝန်ကြီးဆို

ရန်ကုန်တိုင်းရှိ ရွှေ့ပြောင်းအလုပ်သမား ၃၀ ရာခိုင်နှုန်းကျော်မှာ ဧရာဝတီတိုင်းကဟု ဝန်ကြီးဆို

ရန်ကုန်၊ ဧပြီ ၁၀ ။         ။ ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့ကာ လာရောက်အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ ၃၀ နှင့် ၄၀ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက မဇ္စျိမသို့ ပြောသည်။

 “ ရန်ကုန်တိုင်းမှာ သွားအလုပ်လုပ်တဲ့ ကျွန်တော်တို့တိုင်းက ဆိုလို့ရှိရင် တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့” ဟု၎င်းကဆိုသည်။

 ၂၀၁၄ခုနှစ် လူဦးရေသန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းသည် လူဦးရေ ၇ သန်းကျော်ဖြင့်အများဆုံးဖြစ်ကာ ဧရာဝတီတိုင်းသည် လူဦးရေ ၆ သန်းကျော်ဖြင့်ဒုတိယအများဆုံး တိုင်းဒေသကြီးလည်းဖြစ်သည်။

သန်းခေါင်စာရင်းအချက်အလက်များအရ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ကျေးလက်မှ မြို့ပြသို့ ပြောင်း ရွှေ့သူအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် မြို့ပြနေသူ ၁၄ ရာခိုင်နှုန်းနှင့် ကျေးလက်နေသူ ၈၆ ရာခိုင်နှုန်းအထိရှိနေကြောင်း သိရသည်။

 ရန်ကုန်တိုင်းသည် စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ မြို့ပြနေသူ ၇၀ ရာခိုင်နှုန်းရှိပြီး ကျေးလက်နေသူမှာ ၃၀ ရာခိုင်နှုန်းဖြင့်အနည်းဆုံး တိုင်းဒေသကြီးလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း စာတမ်းပါကိန်းဂဏန်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရွှေ့ပြောင်းလူဦးရေ ၂၄၈၀၆၀၆ ရှိပြီး အလုပ်ရှာရန်အတွက် ရွှေ့ပြောင်းလာသူ လူဦးရေ ၆၂၄၃၂၃ ဦး၊ ပညာရေးကြောင့် လူဦးရေ ၄၅၅၀၂ ဦး၊ အိမ်ထောင်ကျ၍ လူဦးရေ ၂၉၇၂၂၃ ဦး၊ မိသားစုနောက်လိုက်၍ လူဦးရေ ၁၂၄၄၆၉၂ ဦး၊ ပဋိပက္ခများတိုက်ပွဲများကြောင့် လူဦးရေ ၆၂၅၄ ဦးနဲ့ အခြားကိစ္စများကြောင့် လူဦးရေ ၂၆၂၆၁၂ ဦးရှိတယ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းသို့ မြန်မာနိုင်ငံ အရပ်ရပ်မှလာရောက်အလုပ်လုပ်ကိုင်နေသူ အများအပြားရှိနေပြီး သင်္ကြန်ကာလ အလုပ်ပိတ်ရက်များတွင် ရန်ကုန်မှ ဧရာဝတီတိုင်းသို့ ပြန်မည့်သူများ၏ သွားလာရလွယ်ကူစေရေးအတွက် ယာဉ်လိုင်းများ ပြေးဆွဲပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly