နိုင်ငံခြားပညာတော်သင် စေလွှတ်နေပြီး ရန်ကုန်တက္ကသိုလ် ဖွံ့ဖြိုးရေး လုပ်နေဟု ၀န်ကြီးပြော

နိုင်ငံခြားပညာတော်သင် စေလွှတ်နေပြီး ရန်ကုန်တက္ကသိုလ် ဖွံ့ဖြိုးရေး လုပ်နေဟု ၀န်ကြီးပြော

အောက်တိုဘာ ၅ ရက် ။           ။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတ၏ ပညာတော်သင်ဆုရ လူငယ် လူရွယ် ၁၁၆ ဦးကို အမေရိကန်၊ ယူကေ၊ ဂျာမဏီ၊ သြစတြေးလျ၊ ထိုင်း၊ တရုတ်နိုင်ငံများသို့ စေလွှတ်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့မတိုင်မီ တစ်ရက်အလို အောက်တိုဘာ ၄ ရက်၌ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခဆရာဆရာမများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်း ဖြစ်သည်။

မြန်မာလူငယ်များအနေဖြင့် နိုင်ငံခြားတက္ကသိုလ်များတွင် ပညာသင်ကြားရန် အခွင့်လမ်းများရရှိပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေရန် သမ္မတ၏ ပညာတော်သင်ဆုအစီအစဉ်ရှိကြောင်း ၂၀၁၄ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ လစဉ် မိန့်ခွန်း အတွင်း သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပါမောက္ခဆရာဆရာမများနှင့် ရန်ကုန်တက္ကသိုလ်၌ တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်ကို ရှေးမူမပျက် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးနေသည် ဟုလည်း ပြောဆိုသည်။

ထို့ပြင်ကျောင်းသားကျောင်းသူများ နေထိုင်မှုအဆင်ပြေစေရေးနှင့် ကျောင်းနေပျော်ရေးအတွက် အဆောင်များကို ပြုပြင်မွမ်းမံခြင်း၊ ပရိဘောဂပစ္စည်းများ ဖြည့်ဆည်းပေးပြီး တက္ကသိုလ်ဆေးရုံကို လည်းပြန်လည် မွမ်းမံပေးထားပြီဟု ဦးစိုးသိန်းက ပြောသည်။

ဦးသိန်းစိန်အစိုးရသစ်ကာလ စတင်စဉ်က အခြေခံပညာရေးကဏ္ဍတွင် မူလတန်းကိုသာအခမဲ့ဆောင်ရွက်ပေးခဲ့သော်လည်း ယခုအခါ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့သည်လည်း အခမဲ့ပညာသင်ကြားနိုင်ပြီဟု သိရသည်။

ကမ္ဘာ့နိုင်ငံများ၏ ၂၀၁၅ ခုနှစ်အလွန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals) တွင်လည်း ပညာရေးဆိုင်ရာ ရည်မှန်းချက်တစ်ခု ပါဝင်ပြီး "အားလုံးပါဝင်နိုင်ပြီး တန်းတူညီမျှသည့် အရည်အသွေး မြင့် ပညာရေးနှင့် တစ်သက်တာ သင်ယူနိုင်မည့် အခွင့်အလမ်းကို အားပေးမြှင့်တင်ရေး" ဟူ၍ ဖြစ်သည်။

ထိုရည်မှန်းချက် ပြည့်မီနိုင်ရန် ဆရာများ၏ အခန်းကဏ္ဍနှင့် အရည်အသွေးမြှင့်တင်ရေး လိုအပ်လာသဖြင့် ၂၀၁၅ ခု ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်အား “လူ့အဖွဲ့အစည်း စဉ်ဆက်မပြတ် တိုးတက်ရေး ဆရာ့စွမ်းရည် မြှင့်တင်ပေး” “Empowering Techers, Building Sustainable Societies” ဟူ၍ ညွှန်းဆိုထားသည်။

မြန်မာနိုင်ငံ အခြေခံပညာကဏ္ဍတွင် ကျောင်းသားဦးရေ ၈ ဒသမ ၈ သန်းနှင့် ဆရာဦးရေ သုံးသိန်းကျော်ရှိပြီး အဆင့်မြင့် ပညာနှင့် သက်မွေးပညာကဏ္ဍတွင် ကျောင်းသားဦးရေ ခြောက်သိန်းကျော်နှင့် ဆရာဦးရေ နှစ်သောင်းကျော်ရှိသည်ဟု သမ္မတ၏ ၂၀၁၅ ခု ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ အဆင့်မီ ပညာရေး ဖြစ်စေရန်ဟုဆို၍ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အမျိုးသားပညာရေးဥပဒေ၊ ၂၀၁၅ ခုနှစ် ဇွန် ၂၅ ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ ပြဋ္ဌာန်းခဲ့သည်။ ယင်းပညာရေးဥပဒေ အား ဆန္ဒပြကန့်ကွက်မှုများ ရှိခဲ့ပြီး ရိုက်နှက်ဖြိုခွင်းဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းဥပဒေနှင့်အညီ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်းအား သင်ရိုးအသစ်နှင့် ပြောင်းလဲသင်ကြားသွားတော့ မည်ဟု သမ္မတသဝဏ်လွှာအရ သိရသည်။

အောက်တိုဘာ ၄ ရက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခဆရာဆရာမများနှင့် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း တွေ့ဆုံပွဲသို့ ပညာရေးဒုတိယ ဝန်ကြီးဒေါက်တာဇော်မင်းအောင်၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး၊ ရန်ကုန် တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့လည်း တက်ရောက်ကြသည်။

Ref; Myanma Alinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly