ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ ( ၃ )

By မျိုးသန့်(မဇ္စျိမ)
10 April 2019
ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ ( ၃ )

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား၊ အဲ့ဒီတော့ ဒီကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့မှ ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၃)ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖိတ်ခေါ်ထားတဲ့ဆရာဝန်ကတော့ ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်သန်း ဖြစ်ပါတယ်။

 မေး။ ။ အဲ့ဒီကျောက်ကပ်လဲလှယ်တဲ့ လုပ်ငန်းစဉ်ကျတော့ရော၊ ဥပမာဆိုကြပါစို့ ကျောက်ကပ်ကို တစ်ခြားလူဆီက ယူပြီးတော့ လဲတဲ့သဘောလား ဘယ်လိုမျိုးလဲ။

ဖြေ။ ။ သူက စကားလုံးအသုံးအနှုန်းကသာ လဲလှယ်တယ်ပြောတာပါ၊ တကယ်တော့ သူက လဲတာမဟုတ်ဘူး။ ကျွန်တော်တို့က အသစ်ထည့်လိုက်တာပေါ့နော်၊ အဲ့ဒီတော့ သူ့မှာ မူလဖြစ်နေတဲ့ ကျောက်ကပ်နှစ်ခုဟာ တစ်ချို့သော အကြောင်းတရားတွေကလွဲလို့ရှိရင် အများစုက ပြန်မထုတ်တော့ဘူး။ အဲ့ဒီတော့ နောက်တစ်ခု ထပ်ထည့်ပေးလိုက်တော့ သူ့မှာ ကျောက်ကပ်သုံးခုဖြစ် သွားပြီ ၊ အဲ့လိုဖြစ်သွားပါတယ်။ အဲ့ဒီတော့ တစ်ခါတစ်လေတော့ အကြောင်းကြောင့် ထုတ်ပစ်လိုက် ရတာ ရှိတယ် ။ အဲ့ဒါကတော့ တကယ် လဲတယ်ခေါ်တာပေါ့၊ သူ့ဆီကနေပြီးတော့ ခုန သူများဆီက အသစ်တစ်ခုထည့်တာပေါ့၊ ဒါပေမယ့် လူဆယ်ယောက်မှာ ၈ယောက် ၉ ယောက်လောက်ကတော့ ကျွန်တော်တို့က အသစ်ပဲ ထပ်ထည့်လိုက်တာဖြစ်ပါတယ်။

မေး။ ။ အဲ့ဒါကျတော့ လှူတဲ့လူရှိသလားဆရာ။

ဖြေ။ ။ လောလောဆယ် မြန်မာပြည်မှာတော့ ဆွေမျိုးအရင်းအချာပဲ။ နိုင်ငံတော်က သူတို့ ပြဋ္ဌာန်းထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဒီလိုနည်းဥပဒေတွေရှိပါတယ်။ အဲ့ဒီမှာတော့ ညီကိုမောင်နှမ ဆွေမျိုးအရင်းချာပေါ့၊ နောက်တစ်ခါ မိဘသားသမီးပေါ့ ဒါပဲ ၊ ကျွန်တော်တို့က လက်ခံပါတယ်။

မေး။ ။   ကျောက်ကပ်ဆေးတာ သုံးနှစ်ရှိပါပြီ၊ ချက် အနည်းငယ် စူထွက်လာတယ် ၊ အဲ့ဒါ အသက်အန္တရာယ်ရှိပါသလား။ ခွဲစိတ်ရန်လိုပါသလားဆိုတာ သိလိုပါတယ်ဆရာ။

ဖြေ။ ။ ပုံမှန် ကျွန်တော်တို့ ဆေးတဲ့ဟာကတော့ ချက်က သူဖြစ်လာစရာသိပ်အကြောင်းမရှိဘူး ပေါ့နော်၊ ဒါပေမယ့် သူက ကျွန်တော်တို့ ကျောက်ကပ်ဆေးရာမှာ နှစ်မျိုးရှိပါတယ်၊ အများစုကတော့ ကျွန်တော်တို့က သွေးကြောထဲမှာ ပိုက်ထည့်ပြီးတော့ သွေးကြောကို ထိအောင်လုပ်ပေးတော့ ကျွန်တော်တို့က စက်ထဲမှာ ဖြတ်ပြီး ဆေးတာပေါ့နော် ၊ နောက်တစ်နည်းကတော့ ကျွန်တော်တို့ ဗိုက်ကိုဖောက်ပြီးတော့ ဗိုက်ထဲမှာ ပိုက်က်ကလေးထည့်ထားပြီးတော့ ဗိုက်ကိုဆေးတာ၊ အဲ့ဒါကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ တော်တော်နည်းသွားပါတယ်။ အဲ့ဒီတော့ ခုနကပြောတဲ့ စက်နဲ့ဆေး အပိုင်းကတော့ ကျွန်တော်တို့က ဗိုက်အပိုင်းကို သိပ်ပြီးတော့ တိုက်ရိုက်မပတ်သက်ဘူးပေါ့လေ၊ တကယ်လို့ သူခုနလိုဖြစ်တယ်ဆိုရင်တော့ ဒါက တစ်ခြားအနာတစ်ခုခုကနေပဲ ဖြစ်သလားပေါ့ ၊ ဘာလို့ဆို သူလိုလူနာမျိုးတွေက အနာဖြစ်ရင်လည်း တစ်ခါတစ်လေ တော်တော်နဲ့ မကျက်ပါဘူး။ ဆိုတော့ အဲ့ဒါကတော့ နီးစပ်တဲ့ဆရာဝန်တစ်ယောက်ကို ပြပြီးတော့ သေသေချာချာလေး ဖြစ်တဲ့အကြောင်းတရားကိုပေါ့နော်၊ ရှာတာသင့်တော်မယ်လို့ ထင်ပါတယ်။

မေး။ ။   ကျောက်ကပ်လှူထားတဲ့ လူတစ်ယောက်အနေနဲ့ပေါ့ သက်တမ်းစေ့နေလို့ ရနိုင်မလားတဲ့ ၊ အဲ့ဒီတော့ သူလှူပြီးတယ်ဆိုရင်ရော သူ့အနေနဲ့ ဘာတွေဆင်ခြင်ဖို့လိုမလဲပေါ့နော်။

ဖြေ။ ။ ဒါကလည်း ကျွန်တော်တို့က အရင်ဆုံးတော့ ဘာလုပ်ရလဲဆိုရင် ကျွန်တော်တို့ ကျောက်ကပ် လှူမယ်ဆိုလို့ရှိရင် လှူတဲ့လူရဲ့ ကျန်းမာရေးဆေးစစ်မှုကို ကျွန်တော်တို့ သေသေချာချာလေး အရေးတကြီး လုပ်ရပါတယ်။ ဒါကလည်း အရေးကြီးပါတယ်။ ဘာလို့ဆို သူက လူကောင်းတစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် အဲ့ဒီတော့ သူ့ဆီက ကျောက်ကပ် တစ်လုံးထုတ်လိုက်ပြီးတဲ့အချိန်မှာ ပုံမှန်ဆိုရင်တော့ သူက သက်တမ်းစေ့နေနိုင်ပါတယ်။   သို့သော် ကျွန်တော်တို့ကတော့ ဘာလုပ်သလဲ ဆိုတော့ ဒီလူနာကို အနည်းဆုံး ခြောက်လ၊ တစ်နှစ်တစ်ခါလောက်တော့ ပြန်ကြည့်ပြီးတော့ သူ့ရဲ့ ကျောက်ကပ်လုပ်ဆောင်မှု အနေအထားပေါ့၊ နောက်တစ်ခြား ဘာလက္ခဏာတွေရှိနေလဲ၊ ဒီကြားထဲမှာ သူနေမကောင်းတစ်ခုခုဖြစ်တယ်ဆိုရင်တော့ ပြန်လာခဲ့ပေါ့လေ။ အခုထိတော့ ကျွန်တော်တို့ ခွဲထားတဲ့ ကျွန်တော်တို့ ကျောက်ကပ် လဲလှယ်မှုလုပ်ထားတဲ့ လူနာတွေရဲ့ အလှူရှင်တွေဖက်က ပြဿနာ တက်တော့ တစ်ခါမှ မတွေ့သေးပါဘူး။

မေး။ ။   ဆီးလမ်းကြောင်းမှာ ကျောက်တည်လို့ ခွဲထားတာ နှစ်လပဲရှိပါသေးတယ် USG ပြန်ရိုက်တော့ ကျောက်ပြန်ရှိနေတယ်လို့ပြောတယ် ၊ ဘယ်လိုနေထိုင်သင့်ပါသလဲ ။

ဖြေ။ ။ ဟုတ်ပါတယ် ကျွန်တော်တို့ကလည်း မကြာမကြာတွေ့ရတဲ့ပြဿနာပေါ့နော်၊ အဲ့ဒီတော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာက တစ်ခါတစ်လေကတော့ သူ့မှာ ကျောက်တည်ရတဲ့ အကြောင်းရင်းလေးတွေရှိခဲ့တယ်ပေါ့။ ဥပမာ အခံရောဂါတစ်ခုခုပေါ့နော် သို့မဟုတ်ရင် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ဓာတ်တစ်ခုက ချို့ယွင်းနေတာ နည်းနေတာ များနေတာမျိုးပေါ့နော်။ အဲ့ဒါဆိုရင်တော့ ဒီမူလ အကြောင်းတရားကို မကုရင် ပြန်ပြန်ပြီးတော့ ဖြစ်နေတတ်တယ်ပေါ့၊ အဲ့ဒါကို လိုက်ရှာပြီးတော့ သေသေချာချာ ကုဖို့လိုပါတယ်။ နောက်တစ်ပိုင်းကတော့ အစကတည်းကိုက တစ်ခါတစ်လေကျလို့ရှိရင် ကျောက်က နှစ်ဖက်စလုံးရှိနေတယ်ပေါ့နော် ဒါပေမယ့် ကိုယ်က လိုအပ်တဲ့ဖက်ကို အရင်ကုလိုက်တယ် ၊ နောက်ကျန်နေသေးတယ် ဆိုတာမျိုးလဲ ရှိပါတယ်။ ကုပြီးမှ ပြန်ဖြစ်တာလည်း တစ်ခါတစ်လေတော့ တွေ့ရတတ်ပါတယ်။

မေး။ ။ အလှူခံတဲ့ပုဂ္ဂိုလ်က ဘယ်အခြေအနေမှာ အလှူခံလို့ရသလဲ။ လှူတဲ့ပုဂ္ဂိုလ်က ဘယ်အခြေအနေတွေ မှာ လှူလို့ရတယ်ဆိုတာပေါ့၊   ဥပမာဆိုကြပါစို့ သွေးအမျိုးအစားတူဖို့ လိုသလား၊ ဘယ်လိုအခြေခံ အချက်အလက်တွေ လူနှစ်ယောက်က တူဖို့လိုမလဲဆရာ။

ဖြေ။ ။ ခုန ကျွန်တော်တို့ ပြောခဲ့တဲ့ ဥပဒေကြောင်းအရ ဆွေမျိုးတော်စပ်တာတော့ တစ်ပိုင်းပေါ့နော်၊ ဆေးပညာအပိုင်းအရဆိုလို့ရှိရင်တော့ နံပါတ် (၁) ကတော့ အရင်သွေးအုပ်စု တူရပါတယ်။ တကယ်လို့မတူဘူးဆိုရင်လည်း O သွေးကတော့ ကျွန်တော်တို့ သွေးလှူသလိုပဲ ဘယ်သူ့ကို ဖြစ်ဖြစ် ပေးလို့ရတယ်။ ပေးလှူသူက O သွေးဖြစ်နေရင် ဘယ်သူ့ကို ဖြစ်ဖြစ် ပေးလို့ရတယ်။ လက်ခံတဲ့လူ ကတော့ O သွေးဖြစ်နေရင်တော့ O သွေးတစ်ခုပဲရတယ်။ ကျန်တဲ့ဟာကတော့ ကိုယ့်အုပ်စု ကိုယ် ပေးရင်တော့ ဒါကတော့ စိတ်ချရတယ်ပေါ့နော် ၊ဒါက သွေးအုပ်စုကတော့ နံပါတ်တစ် တူရပါတယ်။ တစ်ခြားနိုင်ငံတကာမှာတော့ သွေးအုပ်စုမတူဘဲနဲ့ လုပ်တာတွေလည်း ရှိပါတယ်၊ ဒါကတော့ တော်တော်လေး ပိုက်ဆံလည်းကုန်ပါတယ်။၊ နောက်အခက်အခဲလေးပေါ့ ကျွန်တော်တို့ မြန်မာပြည်မှာ တော့ လောလောဆယ် သွေးအုပ်စုမတူရင် ကျွန်တော်တို့က မလုပ်ပါဘူး။ ဒုတိယအပိုင်းကတော့ ကျွန်တော်တို့က ပေးတဲ့လူမှာ အလှူရှင်ပေါ့နော်၊ ပေးတဲ့လူကို ကျွန်တော်ပြောသလိုပဲ ရောဂါတွေ အကုန်လုံးစစ်ရပါတယ်၊ သူ့ကျောက်ကပ် အလုပ်လုပ်တာကောင်းရမယ်၊ သူ့မှာ နာတာရှည်ရောဂါ တစ်ခုခုမရှိရဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ကျန်းမာတယ် ဆိုတဲ့ အဲ့ဒီအချက်တွေ နောက် ကူးစက်တတ်တဲ့ ရောဂါတွေ မရှိရဘူး။ ဒါတွေအားလုံးကို ကျွန်တော်တို့ စီစစ်ပြီးမှ ကျွန်တော်တို့က လက်ခံပါတယ်။ ပြီးလိုု့ရှိရင် ခုနကပြောသလို သွေးအုပ်စုတူတယ်၊ ကျန်းမာရေးတွေလည်း ကောင်းတယ်ဆိုရင် နောက်တစ်ဆင့်ကတော့ ဘာလဲဆိုတော့ တစ်ရှူးခေါ်တာပေါ့၊ ဒါကလည်း သွေးကိုပဲစစ်တာပါ၊ ဒါပေမယ့် အဲ့ဒါကတော့ ကျွန်တော်တို့က ပေးလှူသူနဲ့ လက်ခံသူရဲ့ ကျောက်ကပ် ပေးလိုက်တဲ့အခါမှာ တည့်မလား မတည့်ဘူးလား ဆိ်ုတဲ့အပိုင်းကို ကျွန်တော်တို့က စစ်ရပါတယ်။ လတ်တလောတော့ ကျွန်တော်တို့ နိုင်ငံခြားကိုပို့ပေးပြီး အဲ့ဒီသွေးကို စစ်ပါတယ်။ အခုတော့ ကျွန်တော်မြန်မာပြည်မှာ စစ်နိုင်ဖို့ကို အဲ့ဒါလည်း ဆောင်ရွက်နေပါတယ်။

မေး။ ။ လဲလှယ်လုပ်ချင်တဲ့ပုဂ္ဂိုလ်မှာ သူ့မှာလည်း အလှူရှင်ကလည်းရှိပြီပေါ့နော် သူကလည်း လဲဖို့က အဆင်သင့်ဖြစ်နေပြီပေါ့၊ အဲ့ဒီတော့ လုပ်ငန်းစဉ်က ဘယ်လောက်လောက် ကြာတတ်လဲ အဲ့ဒီလုပ်ငန်းစဉ်မှာ ဘာတွေလုပ်ရသေးလဲခင်ဗျား။

ဖြေ။ ။ ခုနကလို စစ်တာတွေကတော့ လှူတဲ့လူအပိုင်းကတော့ တကယ်စစ်တာက ဘယ်လောက်မှ မကြာပါဘူး၊ နိုင်ငံခြားပို့စစ်တာလေး တစ်ပတ်လောက်ကြာတာလွဲရင် ကျန်တဲ့ဟာတွေက မြန်မာပြည်တွင်းမှာ စစ်လို့ရတယ်။ ကွန်ပျူတာဓာတ်မှန်တွေရိုက်ရတယ်ပေါ့၊ အဲ့ဒါတွေက အားလုံး တစ်ပတ်လောက်နဲ့ ကိစ္စပြီးသွားနိုင်ပါတယ်။ ဒါပေမယ့်လို့ တစ်ဖက်က လက်ခံတဲ့လူကတော့ ကျောက်ကပ်ဆေးနေပြီဖြစ်စေပေါ့လေ တစ်ချို့လည်း မဆေးဘဲနဲ့ လဲတာလည်း ရှိတော့ရှိတယ်၊ အများစုကတော့ ဆေးနေတဲ့လူနာတွေပေါ့၊ အဲ့ဒီတော့ သူ့ကိုတော့ သူက ခွဲစိတ်ရမယ်ဆိုတဲ့အခါမှာ ခွဲစိတ်မယ့်ဒဏ်ကို ခံနိုင်မယ့်အနေအထားရောက်လာအောင် ကျွန်တော်တို့က သူ့ကို လုပ်ထား ပေးရတာပေါ့နော်၊ အဲ့ဒီတော့ သွေးအားတွေကောင်းရမယ် ၊ ဖျားနာမရှိရဘူး သူကလည်း တော်တော်လေး ထူထူထောင်ထောင်ဖြစ်နေပြီဆိုတဲ့ အနေအထားမျိုးရောက်အောင် ကုထားပြီးလို့ ရှိရင်တော့ အချိန်မရွေးလုပ်လို့ရပါတယ်။

မေး။ ။ ဆရာကြီးပြောသွားတဲ့အထဲမှာ ကျောက်ကပ်ဆေးတယ်ဆိုတဲ့ ဟာလည်းပါတယ်ပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်တို့က ကျောက်ကပ်ဆေးတယ်ဆိုလို့ရှိရင်  ရက်သတ်မှတ်ချက်ရှိလားခင်ဗျား။ ဥပမာ ဆယ်ရက်၊ တစ်ပတ်လား၊ ဒါမှမဟုတ် အခြေအနေပေါ့နော်၊ သူ့ရဲ့ ခံနိုင်ရည်ပေါ်မှာ ကြည့်ပြီးတော့မှ ဆေးရတာလား ဘယ်လိုမျိုးလဲခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံတကာသတ်မှတ်ချက်ကတော့ နိုင်ငံတော်တော်များများမှာ တစ်ပတ်မှာ သုံးခါဆေးရပါတယ်။ တစ်ခါဆေးရင် လေးနာရီလောက်ကြာပါတယ်။ ဆိုတော့ တစ်ပတ်မှာ ၁၂ နာရီပေါ့။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ အများစုက တစ်ပတ်မှာ နှစ်ခါဆေးပါတယ်၊ ဒါတောင်မှ အကြောင်းကြောင်းကြောင့် ကုန်ကျစရိတ်တွေများလို့ တစ်ချို့ တစ်ပတ်နှစ်ခါ ပုံမှန်မဆေးနိုင်တဲ့ လူနာတွေလည်း ရှိပါတယ်။ တစ်ပတ်သုံးခါဆေးတဲ့လူကတော့ လူနည်းစုပေါ့၊ သုံးခါဆေးနိုင်ရင်တော့ ပိုကောင်းတယ်လို့ ဆိုတာပေါ့။  ။

( ဆက်ရန် )

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55912

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၂ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55981

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly