မကွေးတွင် သင်္ကြန်ကာလအပြီး အများပြည်သူအသုံးပြုနိုင်ရန် အမှိုက်ပုံးများ ထားရှိမည်

မကွေးတွင် သင်္ကြန်ကာလအပြီး အများပြည်သူအသုံးပြုနိုင်ရန် အမှိုက်ပုံးများ ထားရှိမည်
ဓါတ်ပုံ - မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ

မကွေး၊ ဧပြီ ၁၀ ။     ။ မကွေးမြို့၌ ၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလအပြီး အများပြည်သူအသုံးပြုသည့်နေရာများတွင် အမှိုက်ပုံးများထားရန် မကွေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မကွေးမြို့ပေါ်ရှိ အများပြည်သူသွားလာနေသည့် လမ်းမများတွင် အမှိုက်ပုံးများမရှိ၍ အမှိုက်များကို သင့်တော် သလို စွန့်ပစ်နေရကြောင်း ယခုလို အမှိုက်ပုံးများ ထားရှိပေးပါက ခရီးသွားလာနေသည့် ပြည်သူများအနေဖြင့် မိမိတို့အသုံးမပြုတော့သည့် စွန်ပစ်ပစ္စည်းများကို စည်းကမ်းတကျ အမှိုက်ပုံးများသို့ စွန့်ပစ်နိင်မည်ဖြစ်ပြီး မြို့ သန့်ရှင်းမှုရှိစေရန် ရည်ရွယ်၍ အမှိုက်ပုံးများ ထားရှိခြင်းဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

“အမှိုက်ပုံးအရေအတွက်က ဒီနေ့အထိ ပုံး(၁၃၀)ရရှိနေပါပြီ။ ပုံး(၄၀၀)ကျော်လောက် ချထားပေးနိုင်ဖို့ စီစဉ် သွားမှာဖြစ်ပြီး အမှိုက်ပုံးအလှူရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ လူစည်ကားတဲ့နေရာတွေမှာ အဓိက ထားရှိပေးသွားမှာဖြစ်ပြီး ဟိုက်ဒြောလစ်ပါတဲ့အမှိုက်သိမ်းယာဉ်တွေနဲ့ တစ်ပတ်ကို (၂) ကြိမ်(သို့) (၃) ကြိမ် လိုက်လံသိမ်းဆည်းပေးသွားမှာပါ” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

အဆိုပါ အမှိုက်ပုံးများကို နှမ်းအမှုန့်ထုတ် စက်ရုံပိုင်ရှင် ဦးဖိုးနီနှင့် ကိုရီးယားလုပ်ငန်းရှင်တစ်ဦးက အမှိုက်ပုံး (၈၀)ပုံး ၊ စည်ပင်သာယာရေးကော်မတီမှ (၂၀)ပုံး ၊ နီနီအီလက်ထရောနစ်မှ (၂၀)ပုံး နှင့် နှင်းဝေဝေမိသားစုမှ (၁၀)ပုံး ၊ စုစုပေါင်း အမှိုက်ပုံး(၁၃၀)ပုံး အလှူခံရရှိထားပြီး အမှိုက်ပုံးတစ်ပုံးလျှင် ၇၀၀၀ ကျပ်၊ အလှူရှင်အမည် နှင့် စည်ပင်တံဆိပ်ရေးခ ၅၀၀ ကျပ် ၊ တစ်ပုံးတန်ဖိုး ၇၅၀၀ ကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“အမှိုက်မပစ်ရ ဥပဒေသာထုတ်ပြန်ထားပြီး အမှိုက်စွန့်ပစ်ဖို့နေရာ ထားရှိမပေးရင် ဥပဒေကို လိုက်နာနိုင်ဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။ ပြည်သူတွေ စနစ်တကျအမှိုက်စွန့်ပစ်တဲ့ အလေ့အထ ကို မွေးမြူလာနိုင်စေဖို့ အ တွက်လည်း ရည်ရွယ်ပါတယ်” ဟု ဦးဖိုးနီက ပြောသည်။

အမှိုက်ပုံးတစ်ပုံးလျှင် (၇,၅၀၀)ကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့် မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီ ဖုန်းနံပါတ် 095340893 သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

“ပြည်သူတွေက နိင်ငံကြီးသားဆန်ဆန် အမှိုက်တွေကို စွန့်ပစ်ချင်ပေမယ့် အမှိုက်ပုံးမရှိတော့ တွေ့တဲ့ နေရာတွေမှာ အမှိုက်စွန့်ပစ်တဲ့ အလေ့အထကြီးက ဖြစ်သွားပြီလေ။ အခုလိုအမှိုက်ပုံးလေးတွေ ချပေးမယ် ဆိုတော့ ပြည်သူတွေက ပစ်စရာအမှိုက်ပုံးရှိလာတဲ့အတွက် စည်းစနစ်တကျ ပစ်လာမယ်။ တကယ် နိင်ငံကြီးသား ပီသလာမယ်။ ကိုယ့်မြို့သန့်ရှင်းရေးအတွက် အများကြီးအထောက်အကူဖြစ်လာမယ်” ဟု ရန်မျိုးနိင်ရပ်ကွက်တွင် နေထိုင်သော ဦးအောင်သိန်းလင်းက ပြောသည်။

အများပြည်သူ အသုံးပြုရာနေရာများတွင် ထားရှိမည့် အမှိုက်ပုံးများကို လာမည့် လမ်းလျှောက်သင်္ကြန်ပွဲတော် တွင် အသုံးပြုသွားမည်ဖြစ်ပြီး သင်္ကြန်ပြီးပါက အများပြည်သူဆိုင်ရာနေရာများတွင် ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly