သင်္ကြန်ကားလက်မှတ်များကို မန်းမော်တော်ယာဉ်အဝေးပြေးမှ ကြီးကြပ်ရောင်းချပေးနေ

သင်္ကြန်ကားလက်မှတ်များကို မန်းမော်တော်ယာဉ်အဝေးပြေးမှ ကြီးကြပ်ရောင်းချပေးနေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၁၀ ။    ။ ခရီးသွားကားလက်မှတ်များကို သင်္ကြန်ကာလ ခရီးသွားပြည်သူများ သွားလာရအဆင်ပြေစေရေးအတွက် ချမ်းမြရွှေပြည်ကားကြီးကွင်း(ကျွဲဆည်ကန်)တွင် မန္တလေးတိုင်းဒေသကြီး၊ မော်တော်ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(အဝေးပြေး)မှ ရောင်းချပေးလျှက် ရှိသည်ဟု သိရသည်။

မဟာသင်္ကြန်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေရန်အတွက် ကျွန်တော်တို့အဖွဲ့ ကနေပြီးတော့ ရောင်းချပေးနေပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး၊ မော်တော်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ(အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၉ ရက်နေ့မှ စတင်ကာ လက်မှတ်ရောင်းချနေခြင်းဖြစ်ပြီး ခရီးသွားပြည်သူများ သွားလာရန်အတွက် ကားလက်မှတ်ဝယ်ယူရန် အခက်အခဲဖြစ်နေခြင်းကို ကူညီပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကားလက်မှတ်များကို မော်တော်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနနှင့်စည်ပင်သာယာရေးကော်မတီတို့ ၃ ခု ပူးပေါင်းပြီး ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလက်မှတ်များကို သတ်မှတ်နှုန်းထားထက် ပိုရောင်းချသည့် ဂိတ်များနှင့်ယာဉ်အသင်းများကို အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် အထက်ပါဌာန ၃ ခုမှ ကားကြီးကွင်းအတွင်း လှည့်လည်၊ စောင့်ကြည့်၊ စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"လက်မှတ်ပိုရောင်းတာ တွေ့ခဲ့မယ်ဆိုရင် ယာဉ်ကို အရေးယူမယ်။ ဒဏ်ငွေ ငါးသောင်း ရိုက်မယ်။ ပထမအကြိမ် ငါးသောင်း ရိုက်မယ်။ ပြီးရင် ဝန်ခံကတိ ထိုးခိုင်းမယ်။ ကျွန်တော်တို့ ထိထိရောက်ရောက် ထိန်းသိမ်းမယ်။"ဟု ဦးအောင်ကျော်လင်းက ပြောသည်။

သင်္ကြန်ကာလ ခရီးသွားပြည်သူများ စိတ်ချမ်းသာစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly