အေဂျက်စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ရော်နယ်လ်ဒို ပွဲထွက်မယ် - အယ်လီဂရီ

အေဂျက်စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ရော်နယ်လ်ဒို ပွဲထွက်မယ် - အယ်လီဂရီ
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့မှာ အမ်စတာဒမ်မှာ အေဂျက်စ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာမယ်လို့ နည်းပြ အယ်လီဂရီက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

"ခရစ္စတီယာနို (ရော်နယ်လ်ဒို)ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းကောင်းကောင်း ပြုလုပ်နေနိုင်ပြီဖြစ်ပြီး အသင့်ဖြစ်နေပါတယ်။ ဒီည ဒါမှမဟုတ် မနက်ဖြန်မှာ တခြားဘာမှ မဖြစ်ပျက်ခဲ့ရင်တော့ သူ ပွဲထွက်လာပါလိမ့်မယ်။"လို့ အယ်လီဂရီက ပြောပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ခြေထောက်ဒဏ်ရာရရှိခဲ့လို့ အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်အတွက် ဒဏ်ရာကနေ အချိန်မီပြန်လည်သက်သာလာခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ၄ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly