စီးတီးအသင်းကို အပြီးပြတ် အဆုံးသတ်ဖို့ စပါးကို ပိုချက်တီနို တိုက်တွန်း၊ ကိန်းရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေ

စီးတီးအသင်းကို အပြီးပြတ် အဆုံးသတ်ဖို့ စပါးကို ပိုချက်တီနို တိုက်တွန်း၊ ကိန်းရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေ
Photos: AFP & EPA

မန်ချက်စတာစီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဟယ်ရီကိန်းမှာ ရာသီကုန်အထိ အနားယူသွားနိုင်ချေရှိပြီး ပိုချက်တီနိုက ဒုတိယအကျော့ကိုလည်း စိတ်ဓာတ်အားအားပြည့်နဲ့ အပြီးပြတ် အဆုံးသတ်ဖို့ စပါးအသင်းကို စိန်ခေါ်ခဲ့ပေမယ့် ကိန်းရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေပါတယ်။

ပိုချက်တီနိုရဲ့ အသင်းဟာ အင်္ဂါနေ့က အိမ်ကွင်းသစ်ကြီးမှာ ဆွန်ဟောင်မင်ရဲ့ ဒုတိယပိုင်း နောက်ကျသွင်းဂိုးနဲ့ ပထမအကျော့မှာ မန်စီးတီးကို အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် ပထမပိုင်းအစောပိုင်းမှာ အဂူရိုရဲ့ ပင်နယ်တီကန်ချက်ကို ဟူဂိုလိုရစ်က ပုတ်ထုတ်ကာကွယ်ခဲ့လို့ ပွဲအခြေအနေကို ပြောင်းလဲစေခဲ့တာလို့ ဆိုရမှာပါ။

ပိုချက်တီနိုက မန်စီးတီးအသင်းကို ရင်ဆိုင်ခဲ့တဲ့ စပါးအသင်းရဲ့ ကစားပုံအတွက် ကျေနပ်ခဲ့ပေမယ့် ပွဲဟာ မပြီးဆုံးသေးဘူးလို့ သူက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ အကောင်းဆုံး အရည်အသွေးကို ပြသခဲ့ပါတယ်။ ကျနော်တို့တွေ အားလုံး စိတ်လှုပ်ရှားခဲ့ပြီး ဒီလိုပွဲပုံစံမျိုး ကစားဖို့ လှုံ့ဆော်ခဲ့ပါတယ်။ စွမ်းအားပိုင်းမှာလည်း အကောင်းဆုံးဖြစ်ခဲ့တယ်။ ပြီးတော့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာကိုက ကျနော်တို့ကို ကြီးမားတဲ့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

"မန်စီးတီးအသင်းနဲ့ နောက်ထပ် မိနစ် ၉၀ ကစားရမယ့် ဒုတိယအကျော့ရှိပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ဓာတ်အပြည့်နဲ့ ကစားမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။"

ဒုတိယပိုင်းအစောပိုင်းမှာ ဖေဘီယန် ဒဲလ်ကို ဝင်ဖျက်ခဲ့တဲ့ ကိန်းဟာ ဒဏ်ရာရှိခဲ့ပြီးနောက် စပါးရဲ့ နိုင်ပွဲဟာ မမျှောင်လင့်ရတဲ့ လှည့်ကွက်တစ်ခုဖြစ်ခဲ့ပါတယ်။

ကိန်းဟာ ဗုဒ္ဓဟူးနေ့မှာ ဒဏ်ရာကို စစ်ဆေးသွားမှာဖြစ်ပေမယ့် စပါးနည်းပြ ပိုချက်တီနိုက သူ့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟာ ရာသီကုန်အထိ အနားယူရနိုင်မှာကို စိုးရိမ်နေပါတယ်။

"ဒါဟာ တကယ် ဝမ်းနည်းစရာဖြစ်ပြီး စိတ်ပျက်စရာလည်းဖြစ်ပါတယ်။ ကျနော်တို့ သူ့ကို ရာသီကုန်အထိ လက်လွတ်ရဖွယ်ရှိနေပါတယ်။"လို့ သူက ပြောပါတယ်။

"ဒါဟာ ကျနော်တို့အတွက် စိုးရိမ်စရာပါ။ အကြီးအကျယ် ဒဏ်ရာမဖြစ်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အမြန်သက်သာလာဖို့တော့ မရှိပါဘူး။ သူရဲ့ ခြေဝတ်က လည်သွားခဲ့တာပါ။"

စီးတီးအသင်းကတော့ ပထမအကျော့မှာ အဝေးဂိုး မရခဲ့တာကြောင့် ဧပြီ ၁၇ ရက်မှာ ကစားရမယ့် ဒုတိယအကျော့မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly