မြန်မာအမျိုးသမီးနှင့်လက်ထပ်သော တရုတ်နိုင်ငံသားနှင့်ပါဝင်သူများကို လူကုန်ကူးဥပဒေဖြင့် အမှုဖွင့်

မြန်မာအမျိုးသမီးနှင့်လက်ထပ်သော တရုတ်နိုင်ငံသားနှင့်ပါဝင်သူများကို လူကုန်ကူးဥပဒေဖြင့် အမှုဖွင့်
ဓာတ်ပုံ-ရဲဇာနည်

ရန်ကုန်၊ ဧပြီ ၉ ။          ။ တရုတ်နိုင်ငံသားတစ်ဦးနှင့်လက်ထပ်ပြီးနောက် ဆဲဆိုကြိမ်းမောင်းခံရ၍ ထွက်ပြေးခဲ့သော အသက် ၁၇ နှစ် အရွယ် မြန်မာအမျိုးသမီးနှင့်ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မဖြင့် လားရှိုးမြို့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၁၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့ဝင်များသည် ဧပြီ ၈ ရက် နေ့ နံနက် ၇ နာရီခွဲတွင် လားရှိုးမြို့နယ်၊ ခိုက်တွေကျေးရွာ၌ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့လက်ထပ်ပြီး ပေါင်းသင်းနေထိုင်စဉ် မြန်မာအမျိုးသမီးမှာ တရုတ်နိုင်ငံသို့ မလိုက်လို၍ ထွက်ပြေးနေကြောင်း သတင်းအရ  သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တန့်ယန်းမြို့နယ်၊ ဖတ်ကွမ် ကျေးရွာနေ မ×××××(၁၇)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်အေးပျမ်း(၃၈)နှစ်တို့(၂)ဦးအား သွားရောက် စစ်မေးရာ လွန်ခဲ့သော ၃ လခန့်က နေအိမ်သို့ တစ်ရွာတည်းနေ အိုက်ခမ်းလျှံ၊ နောင်မွန်ကျေးရွာ နေ အားဖူနှင့် ဇနီးဖြစ်သူ မအားရှင်းတို့ ရောက်ရှိလာပြီး သတို့သမီး လာရှာခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသား နှင့်လက်ထပ်ပါက ချမ်းချမ်းသာသာ နေရမည်ဖြစ်ပြီး ငွေကျပ် (၆,၀၀၀,၀၀၀) ဖြင့် တောင်းရမ်းမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့မှု ပေါ်ပေါက်ခဲ့သည်။

ထို့နောက် ၅ ရက်ခန့်အကြာ မ×××××(အသက် ၁၇ နှစ်)က  တရုတ်နိုင်ငံ၊ ကျန်စူးပြည်နယ်၊ စွတ်ဟုန်မြို့နေ တရုတ်နိုင်ငံသား ကျန်းဟွာလျန့်(၃၃)နှစ်နှင့် လက်ထပ်ခဲ့ပြီး ငွေကျပ်(၆,၀၆၀,၀၀၀)အား မိခင် ဒေါ်အေးပျမ်းထံ ပေးခဲ့ကြောင်း၊ ၁ လခန့်အကြာ ကျန်းဟွာလျန့်က ဆဲဆိုကြိမ်းမောင်းရာမှ မပေါင်းသင်းလိုသဖြင့် မ××××မှာ ခိုက်တွေကျေးရွာသို့ ထွက်ပြေးလာခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း တရုတ်နိုင်ငံသား ကျန်းဟွာလျန့်က ၎င်း၏ အစ်မဖြစ်သူ တစ်မြို့တည်းနေ ကျန်းဟွာချင်(၃၃)နှစ်နှင့် ယောက်ဖဖြစ်သူ တုံးရှောင်လုံ(၃၂)နှစ်တို့အား ခေါ်ဆောင်လာပြီး မ××××အား ရှာဖွေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသား ကျန်းဟွာလျန့်ပါ(၃)ဦးနှင့် အားဖူ ပါ(၂)ဦး တို့အား လားရှိုးမြို့မ ရဲစခန်းမှ (ပ) ၁၀၇/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly