ကုန်ကြမ်းစျေးမြင့်၍ တပိုင်တစ်နိုင် တံမြက်စည်း လုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံ

ကုန်ကြမ်းစျေးမြင့်၍ တပိုင်တစ်နိုင် တံမြက်စည်း လုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံ

မြိတ်၊ ဧပြီ (၈) ။      ။ မြိတ်ဒေသထွက် ကျူပင်များ၏ စျေးနှုန်းသည် ယခုနှစ်တွင် စျေးမြှင့်တက်နေခြင်းကြောင့် တပိုင်တစ်နိုင် တံမြက်စည်းလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းလုပ်ကိုင်နိုင်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

မြိတ်မြို့တွင် တံမြက်စည်း လုပ်ငန်းများကို အလုပ်ရုံများဖြင့် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေပြီး ကျွန်းစု မြို့နယ် ပထော်ကျေးရွာတွင် အမျိုးသမီး အများစုမှာ ယင်းလုပ်ငန်းကို နှစ် ရဝနီးပါးခန့် အသက်မွေးဝမ်းကြောင်း ပြုနေကြောင်း သိရသည်။

 “ကုန်ကြမ်းဖြစ်တဲ့ ကျူပင်ပေါ့နော် ဒီနှစ်က စျေးတော်တော် တက်သွားပါတယ်။ စျေးတက်တော့ ကုန်ချော ပြန်ထွက်တဲ့ အခါမှာ တံမြက်စည်း ၁ ချောင်းမှာ ပြန်ရောင်းရင် အမြတ် ဘယ်လောက််မှ မကျန်တော့ဘူး။ အမြတ်အစွန်းလည်း နည်းသွားတော့ တွက်ခြေ သိပ်မကိုက် တော့ဘူး။ လုပ်တဲ့ သူတွေလည်း လျှော့နည်း သွားတယ်”ဟု ကျွန်းစုမြို့နယ် ပထော်ကျေးရွာမှ တံမြက်စည်းလုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်သင်းသင်းအေးက ပြောသည်။

အဆိုပါ ကုန်ကြမ်းစျေးမြင့်မှုကြောင့် ပထော်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းကို လုပ်ကိုင်သူ ထက််ဝက်ကျော် နီးပါး ရပ််နားလာကြကြောင်း သိရသည်။

“တပိုင် တစ်နိုင် လုပ်တာ ဖြစ်လို့ ကျူပင်ကို အများကြီး ဝယ်မထားနိုင်ဘူး။ ဒိုင်ကြီးတွေက တဆင့် ပြန်ယူ လုပ်ကိုင်ရတော့ အခက်အခဲတော့ ရှိပါတယ်။ ကုန်ကြမ်း စျေးတက်သွားတော့ ကုန်ချော ပြန်ထုတ်တဲ့ အခါမှာ အမြတ်က နည်းသွားလို့ ရွာမှာဆိုရင် တချို့ လုပ်သမားတွေ တွက်ခြေ မကိုက်လို့ ရပ်နားထားရတဲ့ အခြေအနေ အထိ ရှိနေတယ်”လို့ ပထော်ကျေးရွာနေ ဒေါ်သင်းသင်းမြတ်က ရှင်းပြသည်။

အဆိုပါဒေသတွင် တံမြက်စည်း လုပ်ငန်းကို လုပ်ကိုင်သူအရေအတွက် များပြားလာမှုကြောင့် ကုန်ကြမ်းများ ရှားပါးလာပြီး၊ စျေးမြင့်တက်သွားခြင်း ဖြစ်ကြောင်း ကျူးပင် အဝယ်ဒိုင်များထံမှ သိရ သည်။

“ကျွန်တော်တို့ရွာမှာက ဒီတံမြက်စည်း လုပ်ငန်းကို ရွာမှာရှိတဲ့ အမျိုးသမီး အများစုက တစ်ရွာလုံး နီးပါးကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလုပ်ငန်းက အမျိုးသမီးတွေ အိမ်မှာနေရင်း ထမင်းချက် အိမ်မှုကိစ္စတွေ လုပ်ရင်းလုပ်လို့ ရတဲ့  အလုပ်ဖြစ်နေလို့ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဒီရွာမှာ ရှိတဲ့ အမျိုးသမီးတွေ အလုပ်အကိုင် မပျက်အောင် ကုန်ကြမ်းတွေ အလွယ်တကူ ရနိုင်အောင်လို့ လိုသလောက် ဖြန့်ချိပေးနေတဲ့ ကျူပင် အဝယ်ဒိုင် ဖြစ်တယ်”ဟု ပထော်ကျေးရွာရှိ ကျူပင် အဝယ််ဒိုင်မှ ဦးအုန်းကျော်က ပြောဆိုသည်။

အဆိုပါ ကျူပင်များကို နှစ်စဉ် ပွင့်လင်းရာသီ ဖြစ်သော ဒီဇင်ဘာလမှ စတင်ကာ ဖေဖော်ဝါရီလ အကုန် အထိသာ ကုန်ကြမ်းများကို ဝယ်ယူသိုလှောင်ကြကြောင်း ယခုနှစ်တွင် ကျူပင် တစ်ပင်လျှင် ၃ ကျပ်မှ ၃ ကျပ်ခွဲ အထိ စျေးမြှင့်တက်လာကြောင်း ယခင်နှစ်များက တစ်ပင်လျှင် ၁ ကျပ်ခွဲမှ ၂ ကျပ်အထိသာ ပေါက်စျေး ရှိကြောင်း သိရသည်။

တံမြက်စည်းလုပ်ငန်းသည် အဆိုပါဒေသရှိ ဒေသခံများအတွက် မိသားစုစားဝတ်နေရေးကို ကူညီဖြေရှင်း ပေးနေသော လုပ်ငန်း ဖြစ်ပြီး တစ်နေ့လျှင် အမျိုးသမီး တစ်ဦးအတွက် အမြတ်ငွေ (၄၀၀၀) ကျပ်မှ (၅၀၀၀)အ ထိ ရရှိကြောင်း သိရသည်။ယခုအခါ ကုန်ကြမ်းစျေးမြှင့်မှုကြောင့် မိသားစုစားဝတ်နေရေးအပေါ် ထိခိုက်မှုများ ရှိလာကြောင်း သိရသည်။

ထို့အပြင် ယခင်က တံမြက်စည်း တစ်ချောင်း၏ တန်ဖိုးသည် (၃၀၀) ကျော်သာရှိပြီး ကုန်ကြမ်းဖြစ်သည့် ကျူပင် စျေးနှုန်းသည် လွန်ခဲ့သော (၃) နှစ်ခန့်က တစ်စည်းလျှင် (၁၅ဝဝမှ ၂၀၀၀) ကျော်သာ ရှိကြောင်း ယခုအခါ ကျူပင်တစ်စည်းလျှင်ကျပ် (၃၀၀၀)ကျော်အထိ ရှိလာကြောင်း သိရသည်။

 ပထော်ကျေးရွာသည် ကျွန်းစုမြို့နယ် မအိုင်ကျေးရွာ အုပ်စုတွင်ပါဝင်ပြီး မြိတ်မြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိကာ အိမ်ခြေ (၅၀၀) ခန့်ဖြင့် လူဦးရေ (၁၂၀၀) ကျော်နေထိုင်ကြကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly