မန္တလေး-ပြင်ဦးလွင်လမ်းတစ်လျှောက် အမှိုက်စနစ်တကျပစ်ရန် နေရာများ သတ်မှတ်မည်

By အောင်ခိုင်မြဲ
09 April 2019
မန္တလေး-ပြင်ဦးလွင်လမ်းတစ်လျှောက် အမှိုက်စနစ်တကျပစ်ရန် နေရာများ သတ်မှတ်မည်
 မန္တလေးမြို့တွင် တနင်္ဂနွေနေ့ စုပေါင်း အမှိုက်ကောက်နေကြစဉ်/ (ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

မန္တလေး၊ ဧပြီ ၉ ။             ။ မန္တလေးနှင့်ပြင်ဦးလွင် လမ်းတစ်လျှောက်တွင် အမှိုက်များစနစ်တကျစွန့်ပစ်ရန်အတွက် နေရာများသတ်မှတ် ပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က မဇ္ဈိမကိုပြောသည်။

 အဆိုပါလမ်းတစ်လျှောက်ပတ်ဝန်းကျင်ရှိ ကျေးရွာတချို့နှင့်စက်ရုံတစ်ချို့က အလွယ်တကူ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများရှိခြင်းကြောင့် ယခုအခါတွင် ၎င်းကျေးရွာများကို အသိပညာပေး ဟောပြောမှုများ ပြုလုပ်နေသည် ဟုလည်း ဦးကျော်ဆန်းမြင့်ကဆိုသည်။

 အဆိုပါ လမ်းတစ်လျှောက်ရှိ အမှိုက်များကို ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ ဦးဆောင်၍ ဌာနဆိုင်ရာများ၊အရပ်ဖက် အဖွဲ့အစည်းများ၊ပြည်သူလူထုများ ပူးပေါင်း၍ အမှိုက်သန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 ထိုသို့ဆောင်ရွက်ပြီး နောက်ပိုင်းတွင် စည်းကမ်းမဲ့ အမှိုက်လာရောက် စွန့်ပြစ်သူများကို စောင့်ကြည့် အရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု ဦးကျော်ဆန်းမြင့်ကဆိုသည်။

 "အမှိုက်တွေကို အင်နဲ့အားနဲ့ သန့်ရှင်းပြီးပါပြီ။တော်တော်များများ သန့်ရှင်းသွားပြီး။ဒီထဲမှာ တချို့စက်ရုံတွေက လမ်းဘေးမှာ လာပြစ်နေကျဆိုတော့ လာပြစ်တာတွေတွေ့ရတယ်။အဲဒါတွေကို လိုက်လံ ဖမ်းဆီးဖော်ထုတ် တာလည်း ရမိပြီးပြီ။သူတို့ကိုလည်း ထိထိရောက်ရောက် ဒဏ်ရိုက်အရေးယူပြီးပြီ။"ဟု ဦးကျော်ဆန်းမြင့်က ဆိုသည်။

 ထိုသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ မပြုလုပ်နိုင်စေရန်အတွက် သီးသီးသန့်သန့် အမှိုက်စွန့်ပစ်နိုင်သည့် နေရာများ၊ အမှိုက်ထည့်သည့်ကန်များ ချထားပေးနိုင်ရန် စီစဉ်လျက်ရှိပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများကို လည်း အမှိုက်စွန့်ပစ်မှု အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စုပေါင်း အမှိုက်ကောက်ခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly