ခရီးသည်များအတွက် လုံခြုံရေးဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား နည်းပါးနေဟု အမြန်လမ်း ရဲမှူးကြီးပြော

ခရီးသည်များအတွက် လုံခြုံရေးဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား နည်းပါးနေဟု အမြန်လမ်း ရဲမှူးကြီးပြော
 ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဧပြီလ ၉ ။     ။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် ရဲဝန်ထမ်း အင်အားနည်းသည့်အတွက် နည်းနည်းနှင့် ကျဲကျဲဝိုင်းနေရသည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

မိုင်ပေါင်း ၃၆၂ မိုင်ရှိသည့် အမြန်လမ်းမကြီးအတွက် ရဲတပ်ဖွဲ့အင်အားမှာ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၏ စာရင်း အရ ၄ဝဝ ခန့်သာရှိကြောင်း သိရသည်။

" မတ်လမှာ အစ်ကိုတို့ ဝန်ထမ်း တပ်ဖွဲ့တွင်းသဘောသဘာဝအရ အစ်ကိုတို့ဆီက ပြောင်းရွှေ့သွားတဲ့ အင်အား နဲ့ဆိုရင် အခုအင်အားက တော်တော်လေးလျော့နည်းနေပါတယ်။ အဲ့ဒီလျော့နည်းနေတဲ့ဟာကို တော်တော်လေး ရုန်းကန်ပြီးတော့ လှုပ်ရှားလုပ်ကိုင်နေရပါတယ်"ဟု ရဲမှူးကြီး ဉာဏ်မြင့်ကျော်က မဇ္စျိမ၏ မေးမြန်းမှုကိုပြော သည်။

လက်ရှိတွင်လည်း မဟာသင်္ကြန်ကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက်  မိုင်ပေါင်း ၃၆၂ မိုင်ရှိသည့် အမြန်လမ်းတွင် တစ်မိုင်လျှင် ရဲဝန်ထမ်း တစ်ဦးနှုန်းဖြင့် ခရီးသည်များ၏လုံခြုံရေးကို ၂၄ နာရီ တာဝန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

" အခက်အခဲကတော့ အများကြီးပါ။ လူတစ်ယောက် ၂၄ နာရီလုံး တစ်မိုင်မှာ နေဖို့ဆိုတာ သူ့ရဲ့ စားမှု၊ သောက် မှု၊ နေမှု၊ ထိုင်မှုလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် အစ်ကိုတို့ ကြိုးစားပြီးလုပ်မှာပါ။ ကြိုးစားပြီးလုပ်ဖို့ ဒါစီမံ ထားပါတယ်" ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ မှု၊ ၂ဝ၁၈ ခုနှစ် တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်းကိန်းဂဏန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါကာ အမြန်လမ်းတွင် ပျှမ်းမျှအားဖြင့်  ယာဉ်တိုက် မှု လျော့ကျလာကြောင်း သိရသည်။

“အမြန်လမ်းမကြီးရဲ့ မန္တလေးရောက်ခါနီးလောက်မှာ ယာဉ်အောက်ပိုင်းတွေ စစ်ဆေးပေးလာတာ တွေ့ရတယ်။ ဒီလိုလုပ်ပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ လမ်းအသုံးပြုမှု ပညာပေးတွေ လုပ်ပေးလာတာလည်း တွေ့ရတယ်။ လုံခြုံရေးအပိုင်းတော့ လမ်းတစ်လျှောက် လုပ်နေတာတော့ တွေ့ရတယ်။ ဒါပေမယ့် နည်းနေ သေးတယ်။အများပြည်သူအတွက် တကယ်လုံခြုံစေချင်ရင်တော့ လုံခြုံရေးအင်အားကို အခုထက် ပိုပြီး တိုးပေးနိုင်ဖို့ လိုတယ်”ဟု အမြန်လမ်းအသုံးပြုနေသော ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အမြန်လမ်း၌ နေ့စဉ်ခရီးသွားလာမှုမှာ သာမန်အချိန်တွင် တစ်ရက်လျှင် ပျှမ်းမျှ ၁၅ဝဝဝ နှင့် ၂ဝဝဝဝ ကြားတွင် ရှိပြီး ပြီးခဲ့သည့်နှစ် မှတ်တမ်းများအရ အခါကြီးရက်ကြီး အချိန်များတွင် တစ်ရက်လျှင် ပျှမ်းမျှ ၃ဝဝဝဝ နှင့် ၃၅ဝဝဝ အထက် ယာဉ်များသွားလာမှုရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။

" အစ်ကိုတို့မှာ မိုင် ၃ဝဝ ကျော်ကြီးကို အင်အားလေး နည်းနည်းနဲ့ လုပ်နေရတယ်။ နှစ်မိုင်ကို တစ်ယောက် လောက် မနည်းလုပ်နေရတယ်။ ဒါ တစ်ခြားကိစ္စတွေ မလုပ်ရသေးဘူး။ တခြား ရုံးကိစ္စတွေရှိတယ်။ တခြား အမှုတွေ တရားခံတွေ လိုက်ရတာတွေရှိတယ်။ ဆေးရုံတွေမှာ သွားကူညီရ ဒါတွေမလုပ်ရသေးဘူး"ဟု အမြန်လမ်းမကြီး၏ ရဲတပ်ဖွဲ့အင်အား အခြေအနေနှင့် ပတ်သက်၍ ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required