ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
အိမ်သုံးပစ္စည်းတွေမှာကပ်ငြိနေတဲ့ ဖုန်မှုန့်တွေဟာ အဆီဆဲလ်တွေဖြစ်တည်မှုကို အရှိန်မြှင့်တင်ပေးနိုင်တဲ့ ဓာတုပစ္စည်းပေါင်းများစွာရဲ့ခိုအောင်းရာဖြစ်နေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဖော်ပြလာပါတယ်။ ဒီတော့ ဖုန်တလူးလူးနဲ့ အိမ်မရှင်းဘဲနေကြတဲ့ အစ်ကိုအစ်မတို့ ပိုဝလာဖို့ လမ်းကြောင်းမြင်နေပါတယ်နော်။
မကြာသေးခင်နှစ်တွေတည်းက endocrine ဟော်မုန်းရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေရဲ့သက်ရောက်မှုအကြောင်းကို သုတေသီတွေက စိုးရိမ်ခဲ့ကြပါတယ်။
ဒီဓာတ်ပစ္စည်းတွေက တစ်ခါတလေ အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာပါဝင်တတ်ပြီး နေ့စဉ်သုံးနေကျအရာတွေမှာတောင် ရှိနေတတ်ပါတယ်။ ပလတ်စတစ်ပစ္စည်းအများစုမှာက ခုနလို endocrine-disrupting ဟော်မုန်းတွေဖြစ်တဲ့ phthalates တွေပါလေ့ရှိပါတယ်။
ဒီဓာတုပစ္စည်းတွေက သန္ဓေမရနိုင်ခြင်း၊ အသည်းရောဂါ၊ ကင်ဆာနဲ့ ကလေးအဝလွန်ခြင်းတွေနဲ့ဆက်နွှယ်နေတယ်လို့လေ့လာတွေ့ရှိခဲ့ပြီးနောက်ပိုင်း သူတို့ကို လူ့ကျန်းမာရေးအန္တရာယ်တွေအဖြစ်နဲ့ သုတေသီတွေက သတိပေးခဲ့ပါတယ်။
အခုသုတေသနမှာတော့ Duke University ရဲ့Nicholas School of the Environmentမှ ပါရဂူဘွဲ့ရ Christopher Kassotisအဖွဲ့က လေ့လာတွေ့ရှိခဲ့တာပါ။ အိမ်ထဲကဖုန်တွေကြောင့် အဆီဆဲလ်တွေပိုဖြစ်လာစေတာ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်တွေမှာ endocrine-disrupting ဓာတုပစ္စည်းတွေပါနေလို့့ပါပဲ။
သုတေသနမှာ မြောက်ကယ်ရိုလိုင်းနားရှိ နေအိမ် ၁၉၄ လုံးဆီက ဖုန်မှုန့်နမူနာတွေကို စုဆောင်းခဲ့ပြီး လူ့ကျန်းမာရေးအပေါ် ဖုန်မှုန့်တွေရဲ့ဓာတုသက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။ အဲဒီဖုန်မှုန့်တွေထဲက ဓာတ်ပစ္စည်းတွေရဲ့အာနိသင်ကိုစမ်းသပ်ခဲ့ပြီး အဆီဆဲလ်တွေအပေါ်သက်ရောက်မှုကို ဦးစားပေးလေ့လာဆန်းစစ်ခဲ့ပါတယ်။
ဒီဖုန်မှုန့်တွေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းက ပမာဏအရမ်းနည်းနေရင်တောင် အဆီဆဲလ်တွေဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုရလဒ်တွေက ဖော်ပြနေပါတယ်။
သုတေသနအတွင်းမှာ အိမ်တွင်းဖုန်မှုန့်နမူနာတွေမှာပါရှိတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၁၀၀ ကျော်မှာ ၇၀ လောက်က အဆီဆဲလ်တွေကို အားပေးနေတာတွေ့ရပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်များနေတဲ့ သို့မဟုတ် အဝလွန်နေတဲ့ ကလေးတွေရှိတဲ့အိမ်တွေဆီက ဖုန်မှုန့်တွေမှာ အဆီဆဲလ်ဖြစ်ပေါ်မှုအားပေးတဲ့ ဓာတုပစ္စည်းတွေများနေတာတွေ့ရတယ်လို့ သုတေသီတွေကပြောပါတယ်။
လက်ရှိမှာတော့ Kassotis နဲ့အဖွဲ့က ကနဦးလေ့လာတွေ့ရှိချက်ကို ဆက်ပြီးလေ့လာဖို့နဲ့ အိမ်သုံးပစ္စည်းမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေနဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကြား ဆက်နွှယ်မှုကို ပိုတိကျခိုင်မာအောင်လေ့လာနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။