ရွေးကောက်ပွဲအနိုင်ရရေး သေရေးရှင်ရေးတမျှ လုပ်ဆောင်မည့်ပါတီမဟုတ်ဟု သူရဦးရွှေမန်းပြော

ရွေးကောက်ပွဲအနိုင်ရရေး သေရေးရှင်ရေးတမျှ လုပ်ဆောင်မည့်ပါတီမဟုတ်ဟု သူရဦးရွှေမန်းပြော
Photo: Min Min/Mizzima

နေပြည်တော်၊ ဧပြီလ ၈ ရက် ။         ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သည် ရွေးကောက်ပွဲအနိုင်ရရှိရေးကို သေရေးရှင်ရေးတမျှ လုပ်ဆောင်မည့်ပါတီ မဟုတ်ကြောင်း ပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

ယနေ့ ဧပြီ ၈ ရက်က နေပြည်တော်ရှိ ၄င်း၏နေအိမ်အတွင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ဒီ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ က သူများနဲ့တော့ မတူဘူး။ ရွေးကောက်ပွဲ အနိုင်ရရှိရေးက သေရေးရှင်ရေးက သူတို့ပါတီတွေ ဖြစ်လိမ့်မယ်။ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရဲ့ သေရေးရှင်ရေးတမျှ အရေးကြီးတယ်လို့ ခံယူတာ ပြည်သူတွေ အနိုင်ရရှိဖို့ပဲ။ နိုင်ငံ အနိုင်ရရှိဖို့ပဲ။ နိုင်ငံကောင်းဖို့ အတွက်ပဲ”ဟု ၎င်းကပြောသည်။

ထို့ပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင် များသည် ၄င်းတို့၏ ဘဝများကိုရင်းနှီးမြှပ်နှံကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါတီ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက်လည်း မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ဒီအတွက်လည်း မလိုတော့ဘူး။ အသက်လည်းကြီးလာပြီ။ ခုနက အခြား၊ အခြားသော နိုင်ငံရေးအရ ၊လူမှုရေးရ အခြား သြဇာတိက္ကမတွေလည်း ရှိပြီးပြီ။ မလိုဘူး။ ဒါပေမယ့် လိုတာ ဘာလဲ ။တိုင်းပြည်ကောင်းဖို့ပဲ။ တည့်ပြောမယ်ဆို ပြည်သူတွေ အနိုင်ရရှိဖို့ပဲ။ အဲ့ဒီအတွက်ဆောင်ရွက်တာ။ ဒါကြောင့်မို့လို့ ပါတီပေါ်လည်း ဆန်းစစ်ပါ။ ပါတီဝင်များပေါ်မှာလည်း ဆန်းစစ်ပါ။ မူဝါဒ အပေါ်မှာလည်း ဆန်းစစ်ပါ”ဟု ပြောသည်။

ပြည်သူများထံမှ တောင်းခံထားသည့် အကြံဉာဏ်များကို ကျစ်လစ်အောင် ထည့်ထားသည့်ပါတီ ၏ မူဝါဒ ငါးချက်ကို ရေးဆွဲထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်း ၅ ချက်မှာ မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိရေး၊ လွတ်လပ်၍ တရားမျှတသော စျေးကွက် စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကို ဖြစ်စေသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းကို ရရှိစေရေးတို့ ဖြစ်သည်။

ထို့အပြင်  ပြည်ထောင်စုတစ်ဝန်း နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ ဂုဏ်သိက္ခာမြင့်မားရေး ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ လူ့အခွင့်အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပြီး ကမ႓ာ့နိုင်ငံများ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ လက်တွဲပူးပေါင်းဆောင်ရွက်ရေး စသည့် အထက်ပါ မူဝါဒငါးချက်ဖြစ်သည်ဟု သိရသည်။

အလားတူပါတီ၏ ရည်မှန်းချက် ၅ ရပ်တွင် ပြည်သူတစ်ဦးချင်းစီအတွက်၊ နိုင်ငံတော်အတွက် ကို ရည်မှန်းချက်ထားကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆက်လက်ပြောသည်။

“နိုင်ငံစီးပွားရေး တိုးတက်တယ်ဆိုတာက နိုင်ငံနဲ့ပဲ ဆိုင်ပြီးတော့ ပြည်သူတစ်ဦးချင်းရဲ့ စီးပွားရေးကောင်းမွန်ဖို့ ။ ဒါကြောင့်မို့ ဒါတွေပါ ထည့်ထားပါတယ်။ ဒါကတော့ လောလောဆယ်တော့ အကောင်းဆုံးလို့ မှန်းဆပြီးတော့ ရေးဆွဲထားတာ ဖြစ်ပေမယ့် ပြည်သူတွေပေးတဲ့ အကြံအဉာဏ်တွေ ယူပြီးဆက်လက်လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းကတည်းက  ပါတီအသစ်တည်ထောင်ခွင့်ရရှိထားသည့် ၄င်းပါတီအနေဖြင့် တိုင်းဒေသကြီးများတွင် ဦးစားပေးယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်များတွင် တိုင်းရင်းသားပါတီများကို ဦးစားပေး ယှဉ်ပြိုင်သွားစေမည်ဟု UBP ပါတီဘက်မှ သိရသည်။

“သို့ရာတွင် တချို့ပြည်နယ် တွေမှာ တိုင်းရင်းသားတွေ ဆိုသော်လည်း တချို့ပြည်နယ်တွေ ၊ တချို့မြို့နယ်တွေကျတော့ အဲ့ဒီဒေသရဲ့ တိုင်းရင်းသား လူမျိုးစုက နည်းပြီးတော့ ကျန်တဲ့ လူမျိုးစု ရှိတယ်ဆိုတာမျိုးတော့ စဉ်းစားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းကပြောကြားခဲ့သည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတွင် ခေါင်းဆောင်အဖြစ် သူရဦးရွှေမန်းမှ ဦးဆောင်မည်ဖြစ်ကာ ဒုတိယခေါင်းဆောင်ကို ယခင်အစိုးရလက်ထက် ပြည်ထဲရေးဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ပြီးခဲ့သည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တေ်ာ သက်တမ်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဘုန်းဆွေ အပါအဝင် ၁၉ ဦးဖြင့် တည်ထောင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly