မင်းဘူး-သရက် ရထားခရီးစဉ်ကို ပုံမှန်အတိုင်း သင်္ကြန်အကြိုနေ့အထိ ပြေးဆွဲမည်

By မျိုးမြတ်
08 April 2019
မင်းဘူး-သရက် ရထားခရီးစဉ်ကို ပုံမှန်အတိုင်း သင်္ကြန်အကြိုနေ့အထိ ပြေးဆွဲမည်
မင်းဘူးဘူတာရုံအား တွေ့ရစဉ်။ ဓာတ်ပုံ- မျိုးမြတ်

မင်းဘူး၊ ဧပြီ ၈ ။         ။ မင်းဘူး-သရက် ရထားခရီးစဉ်ကို အရင်နှစ်များကဲ့သို့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) အထိ ပုံမှန် ပြေးဆွဲသွားမည်ဖြစ်ပြီး သင်္ကြန် ပွဲတော်ကာလအတွင်း သုံးရက် ရပ်နားသွားမည် ဖြစ်သည်။

"ကျွန်တော်တို့ ပုံမှန် မင်းဘူး-သရက်ရထားခရီးစဉ်ကို သင်္ကြန်အကြိုနေ့ထိ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊ သင်္ကြန် ကာလ ဖြစ်တဲ့ ဧပြီ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့) မှ ဧပြီ ၁၆ ရက်နေ့ (အကြတ်နေ့) အထိ ၃ ရက်ကြာ ရပ်နား သွားမှာ ဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ပုံမှန် ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်”ဟု မင်းဘူး ဘူတာရုံပိုင် ဦးကျော်ကျော်ဦးက ပြောသည်။

ခရီးစဉ်တစ်ကြောင်း ကျပ် ၇၅၀ ကျသင့်သည့် မင်းဘူး-သရက် ရထားခရီးစဉ်ကို သရက်မြို့ဘူတာမှ နေ့စဉ် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်ထွက်ခွာပြီး မင်းဘူးဘူတာရုံသို့ နံနက် ၁၀ နာရီခွဲ ရောက်ရှိပြီး နေ့လယ် ၁ နာရီခွဲအချိန်တွင် မင်းဘူးမြို့ဘူတာရုံမှ သရက်မြို့ ဘူတာရုံသို့ ထွက်ခွာပြီး ည ၇ နာရီခန့်တွင် ရောက်ရှိသော လမ်းကြောင်း ဖြစ်သည်။

နှစ်စဉ် မဟာသင်္ကြန်ကာလအတွင်း မင်းဘူး-သရက် ရထားခရီးစဉ်ကို အကြိုနေ့အထိ ပြေးဆွဲလျက်ရှိပြီး အကျနေ့မှ အတက်နေ့ထိ သုံးရက် ရပ်နားလေ့ရှိသည်။

အဆိုပါ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ဘူတာပေါင်း ၃၁ ခု ရှိပြီး နေ့စဉ် ခရီးသည် ပျမ်းမျှ စုစုပေါင်း ၄၀ ဦးခန့် လိုက်ပါစီးနင်းလျှက် ရှိကြောင်း သိရသည်။

အချို့ခရီးစဉ်များ ရပ်နားသော်လည်း မြန်မာ့မီးရထားမှ သင်္ကြန်အထူးရထားများကို ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန်သို့ ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၁၂ ရက်နေ့တွင် နေပြည်တော်မှ ရန်ကုန်၊ ဧပြီ ၁၇ ရက်နေ့ တွင် ရန်ကုန်မှ နေပြည်တော်သို့ ဝန်ထမ်းအထူးရထားဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly