ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ (၂)

By မျိုးသန့်(မဇ္စျိမ)
08 April 2019
ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ (၂)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား၊ အဲ့ဒီတော့ ဒီကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့မှ အထူးပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖိတ်ခေါ်ထားတဲ့ဆရာဝန်ကတော့ ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်သန်း ဖြစ်ပါတယ်။

မေး။ ။ ကျွန်တော် ထပ်ပြီးတော့ မေးချင်တာကတော့  ကျောက်ကပ်က သွေးတိုးတို့၊ ဆီးချို သွေးချိုတို့နဲ့ ဘယ်လိုမျိုး သွားပြီးတော့ ဆက်နွယ်တာလဲခင်ဗျား။

ဖြေ။ ။ သွေးတိုးဖြစ်တယ် ဆီးချိုဖြစ်တယ်ဆိုလို့ရှိရင် ကျောက်ကပ်ကို သွားတဲ့ သွေးကြောလေးတွေပေါ့ ဒါလေးတွေ ကျဉ်းသွားတယ်၊ အဲ့ဒီတော့ ကျောက်ကပ်က သွေးရရှိမှု နည်းသွားတဲ့အတွက်ကြောင့်မို့လို့ အလုပ် လုပ်အားကျသွားတယ်ပေါ့၊ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ခါ အချို့အပိုင်းတွေမှာတော့ ဆီးချိုသွေးချိုမှာဖြစ်တဲ့ အချိုဓာတ်တွေများတာလည်း ကျောက်ကပ်ပြွန်တွေမှာ သွားပြီးတော့ ထိခိုက်တာတွေလည်း ရှိပါတယ်။ လူရဲ့ အလုပ် လုပ်မှုအပိုင်းမှာလည်း ကျသွားတယ်ပေါ့။

မေး။ ။ ကွမ်းစားတာများတဲ့လူဆိုရင်  ကျောက်ကပ်ထိတယ်ဆိုတဲ့ဟာမျိုးကိုလည်း လူကြီးသူမတွေ ပြောတာရှိပါတယ်။ အဲ့ဒါ ဘယ်လောက်ထိ မှန်ပြီးတော့ ဘယ်လိုဆက်စပ်ပါသလဲခင်ဗျား။

ဖြေ။ ။ ကွမ်းစားတာကတော့ သူက တိုက်ရိုက်တော့ မဟုတ်ပေမယ့် သူကဘာဖြစ်လဲဆိုတော့ ကွမ်းထဲမှာပါတဲ့ထုံးဓာတ်ရယ်၊ ကွမ်းရဲ့ အဖတ်တွေပေါ့နော်၊ ဒါတွေက သွားပြီးတော့မှာ ကျောက်ကပ်မှာရှိတဲ့ ပြွန်လေးတွေမှာ သွားပြီးတော့ ပိတ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ တစ်ချို့ကွမ်းတွေမှာတော့ တစ်ခြား ဆေးတွေပါတာပေါ့နော်၊ ဒါတွေကလည်း တိုက်ရိုက်သွားပြီးတော့ ကျောက်ကပ်ရဲ့ အလုပ်လုပ်မှုပိုင်းကို ထိတာတွေလည်းရှိတယ်။ သူက အများအားဖြင့်ကတော့ ကွမ်းစားတဲ့လူတွေက ဆီးလမ်းကြောင်း ကျောက်တည်တယ်ပေါ့နော်၊ အဲ့ဒီလို ဖြစ်ပြီးတော့မှ နောက်တစ်ဆင့်ကျတော့မှ ကျောက်ကပ် ထိခိုက်လာတယ်ပေါ့။ တိုက်ရိုက်သွားဖြစ်တာတော့ နည်းပါတယ်။ အခန့်မသင့်ရင် အထဲမှာပါတဲ့ ဆေးတွေဘာတွေကြောင့်လည်း ဖြစ်တာမျိုးလေးတွေတော့ရှိတတ်ပါတယ်။

မေး။ ။   ကျောက်ကပ်ကျန်းမာ သန်စွမ်းအောင် ဘာတွေလုပ်ရမလဲ၊ နောက်ပြီးတော့ ပဋိဇီဝဆေးတွေ သောက်တာများရင် ကျောက်ကပ်ကို ထိတယ်လို့လည်း ပြောကြပါတယ် ၊ အဲ့ဒါ ဆရာကြီး ပြန်ပြီးတော့ ဆွေးနွေးပေးပါ၊  

ဖြေ။ ။ ဘယ်လိုနေထိုင်ရမလဲ ဆိုတာတော့ ဒါကတော့ တစ်ခြားရောဂါ နာတာရှည်ရောတွေလိုပါပဲ။ အဓိကကတော့ အစားအသောက်ကို ပုံမှန်ပေါ့နော် စားရမယ်၊ အချိန်မှန်စားရမယ်၊ ရေလည်း ခုနက ကျွန်တော်ပြောသလိုပဲ ပုံမှန်လေးသောက်ရမယ်။ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးလိုက်စားမှု ကလည်း လိုအပ်ပါတယ်။ ဒါကလည်း သူ့ရဲ့ body ၊ ခန္ဓာကိုယ်ရဲ့ ဇီဝ လုပ်ငန်းတွေအတွက် အကျိုးရှိတယ်ပေါ့နော် ။ ခုနကပြောသလို ပဋိဇီဝဆေးတွေပေါ့နော် Anti biotic ခေါ်တာပေါ၊့ ဒါတွေကလည်း ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်တာတွေ ရှိပါတယ်။  အဲ့တော့ အဲ့ဒီထဲမှာ ကျွန်တော်တို့က သတ်မှတ်ထားတဲ့တစ်ချို့ဆေးတွေရှိပါတယ်။ တစ်ချို့ဆေးတွေကတော့ ကျောက်ကပ်ကို တိုက်ရိုက်ကို ထိခိုက်တဲ့အတွက်ကြောင့် သုံးတယ်ဆိုလို့ရှိရင် ကျောက်ကပ် ကောင်းနေဖို့ လိုတယ်ပေါ့နော်။ တကယ်လို့ ကျောက်ကပ်သိပ်မကောင်းဘူး အားနဲနေတယ် ဆိုရင်လည်း ဒီလိုဆေးမျိုးတွေကို ရှောင်သင့်ရင် ရှောင်ရတယ်။ သို့မဟုတ်ရင်လည်း မလွဲမရှောင်သာလို့ သုံးရမယ်ဆိုရင်လည်း ကျွန်တော်တို့က ဆေးကိုပြန်ပြီး ညှိရတယ်ပေါ့၊ သူ့ရဲ့ ခါတိုင်းပေးတဲ့ပမာဏ မဟုတ်တော့ဘဲနဲ့ လျှော့ပေးတာတို့ အချိန်ခြားပေးတာတို့ ဒါမျိုးလေးတွေ ကျွန်တော်တို့ သုံးပါတယ်။

မေး။ ။ လမ်းလျှောက်ပြီးတော့ အားကစားလုပ်ရင် ကျောက်ကပ်ကို ကာကွယ်နိုင်သလား ခင်ဗျ။

ဖြေ။ ။ ဒါကလည်း ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့နော်၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပေါ့။ အဓိကကတော့ ပုံမှန်လုပ်ဖို့လိုတယ်ပေါ့၊ အဲ့ဒါကတော့ ကျောက်ကပ် healthy ခေါ်တဲ့ ကျန်းမာဖို့မှာတော့ အထောက်အကူ ဖြစ်ပါတယ်။

မေး။ ။   ကျောက်ကပ်ရောင်နေတာပေါ့လေ ဆေးခန်းပြပြီးပြီတဲ့ ၊ သိပ်ပြီးတော့ မသက်သာလို့  ဆောင်ဖို့ ရှောင်ဖို့လေး ဘာတွေလိုမလဲဆိုတာ ဖြေပေးပါလားဆရာ။

ဖြေ။ ။ ကျောက်ကပ်ရောင်တဲ့အပိုင်းမှာလည်း နှစ်ပိုင်းရှိတာပေါ့၊ တစ်ပိုင်းကတော့ ကျောက်ကပ်ရောင်လိုက်တဲ့ အတွက်ကြောင့် အပြင်ပန်းခန္ဓာကိုယ်မှာပါ ဖောရောင်လာတာဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့က  ဆီးဆေးတွေပေးလိုက်တာဆိုရင် ရောင်တာဖောတာတွေက အများစုက ကျသွားတယ်ပေါ့နော်။ တစ်ဆက်တည်းပဲ ကျွန်တော်တို့က ဆေးတွေအပြင် ဘာလုပ်ရလဲဆိုတော့ အဓိကကတော့ ရောင်ပြီဆိုရင်တော့ ရေလျှော့သောက်ရမယ်၊ စောစောတုန်းက တစ်နေ့ကို သုံးလေးထောင် သောက်ရတယ်ဆိုတာတော့ လူကောင်းတစ်ယောက်ကို ပြောတာပေါ့နော် ။ ကျောက်ကပ်ရောဂါဖြစ်လာလို့ ရောင်နေပြီဆိုရင်တော့ ရေကို တတ်နိုင်သလောက်လျှော့၊ အဝင်နဲ့ အထွက်မှာ ပိုပြီးတော့ အထွက်ကို ပိုများစေချင်တာပေါ၊့ ဒါမှလည်း ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ပိုနေတဲ့ရေတွေက လျှော့သွားမှာပေါ့နော်။ အဝင်အထွက်မှာ အဝင်ကများနေရင် ဘယ်လိုမှ လျှော့မှာမဟုတ်ဘူး။ အဲ့ဒီတော့ ရေလျှော့သောက်ရတယ်၊ နောက်တစ်ခုကတော့ အငန်တွေပေါ့ ၊ ကျွန်တော်တို့ လူနာတွေအများစုပြောပါတယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရေ၊ မုန့်ဟင်းခါးတို့ အသုတ်တို့ ဒါတွေကတော့ ကျွန်တော်တို့ ဗမာတွေ အများစုလည်းစားတယ်၊ အဲ့ဒီထဲမှာ အခြောက် အခြမ်းတွေ ဆိုလည်း သူက အငန်ဓာတ်တွေများတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါတွေကို တတ်နိုင်သလောက် ရှောင်ဖို့ပေါ့။

မေး။ ။ ကျောက်ကပ်ဆေးနေသူတွေအတွက်ပေါ့၊ ဆေးနေသူတွေ ဆေးအဆိပ်မတက်အောင် ဘာအစားအစာ ရှောင်ရမလဲ၊ အမြဲတမ်းမောနေတယ်၊ အောက်စီဂျင်အမြဲရူနေရတယ်တဲ့၊  အဲ့ဒါလေးဖြေပေးပါဆရာ။

ဖြေ။ ။ ကျောက်ကပ်ဆေးနေတယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီမှာလည်း တစ်ခုရှိပါတယ်ပေါ့။ သူပုံမှန်ဆေးနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ရေနဲ့ ကျန်တဲ့ ခုန ဓာတ်တွေကို ကျွန်တော်တို့က ညှိပေးလိုက်တာပေါ့နော်၊ အဲ့ဒီတော့ တစ်ခါတစ်လေ ဖြစ်တတ်တာကတော့ ပုံမှန်မဆေးနိုင်ဘဲ ၊ အကြောင်း တစ်ခုခုကြောင့် ကိုယ်က ပြတ်တောက်ပြတ်တောက်လို့ မမှန်တာမျိုးဖြစ်ရင်တော့ စောစောကပြောတဲ့ လက္ခဏာတွေပိုဖြစ်ပါတယ်။ အဲ့ဒီတော့ အစားအသောက် အနေအထိုင်တွေနဲ့ လည်း သူက မဆေးခင်တုန်းကလိုပဲ ရှောင်ရမယ့်ဟာတွေကတော့ ရှောင်သင့်သလောက်တော့ ရှောင်ရပါတယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့ ဖြစ်တတ်တာ လူနာတွေက ဆေးနေပြီဆိုရင် ကိုယ်စားချင်တာစားမယ်ဆိုရင် သူကပြန်ပြီးတော့ ပြန်ဖောလာတယ်ပေါ့လေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကျောက်ကပ်ဆေးတယ်ဆိုတာက ပျောက်သွားအောင်ကုတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ များနေတဲ့ မတည့်တဲ့ဓာတ်တွေ၊ ပိုနေတဲ့ရေတွေကို ပြန်ညှိပေးလိုက်တယ်၊ ထုတ်ပေး လိုက်တာပေါ့နော်။ ဆိုတော့ သူက ဒါတွေလျှော့သွားပြီး ခဏနေပြန်ပြည့် လာတာပဲ၊ ဒါမှမဟုတ်လည်း ကျွန်တော်တို့က ခဏခဏ ဆေးနေရတယ်၊ တစ်သက်လုံးဆေးနေရတယ်ပေါ့နော်။ ဆိုတော့ သူက ပျောက်အောင်ကုတာမဟုတ်တဲ့အတွက်ကြောင့် ဒီဖက်က ဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်တော့ နေရ ထိုင်ရတာလည်းကောင်းပါတယ်။ မောတာကတော့ သူသွေးအားနည်းတာတို့ တစ်ခြားအကြောင်း တွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။ ။ အဲ့ဒီတော့ ဒီကျောက်ကပ်ဖြစ်လာပြီိဆိုလို့ရှိရင် သူ့လက္ခဏာလေးတွေရော အကြမ်းဖျဉ်း ပြောပြပေးပါဆရာ။

ဖြေ။ ။ သူ့လက္ခဏာတွေကလည်း တစ်ပိုင်းကတော့ ကျွန်တော်တို့က ကျောက်ကပ်ထိလာပြီဆိုရင် အနဲနဲ့အများကတော့ ဆီးထိခိုက်သွားတယ်ပေါ့နော်၊ အဲ့ဒီတော့ ဆီးနည်းလာတယ်။ သို့မဟုတ်ရင် ဆီးထဲမှာ အနယ်တွေပါလာတယ်၊ သွေးပါတယ်။ ဆီးက မကောင်းဘူးပေါ့နော်၊ အနံ့နံတယ်။ ဆီးသွားလို့ရှိရင် အဖတ်တွေပါလာတယ်၊ ဒါမျိုးတွေပေါ့။ ဆီးနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ ဖြစ်တတ်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ သွေးပေါင်တွေ တက်လာတယ်ပေါ့နော်၊ သွေးတိုး အနည်းနဲ့ အများဖြစ်လာတယ်၊ ကိုယ်တွေလက်တွေ ဖောတာ ရောင်တာတွေလည်း တစ်ခါတစ်လေ ဖြစ်လာတတ်တယ်။ ဒါပေမယ့် နာတာရှည်ကျောက်ကပ်ဖြစ်လာပြီဆိုရင်တော့ သူက တော်တော်လေး နောက်ပိုင်းကျလာပြီဆိုရင် ဘာဖြစ်လာလဲဆိုတော့ အစားအသောက်ပျက်လာတယ်၊ စားချင်စိတ် မရှိဘူး ပျို့တယ်၊ အန်တယ်။ အဲ့ဒီလို လက္ခဏာတွေဖြစ်လာပြီဆိုရင် ဒါဟာ ကျောက်ကပ်သွေးဆိပ်တွေ တော်တော်လေးကို များလာတဲ့သဘောလေးတွေရှိပါတယ်။ အစပိုင်းကတော့ တစ်ခါတစ်လေ သိဖို့ခက်တယ်၊ အဲ့ဒီတော့ သွေးပေါင်လည်း နည်းနည်းတက်ပေမယ့် လူက ကိုယ့်ကိုယ်ကို ကောင်းနေတယ် ထင်ပြီးတော့ တော်တော်လေးနောက်ကျမှ ရောဂါကို သိရတဲ့လူတွေလည်းရှိပါတယ်။

မေး။ ။ အဲ့ဒီတော့ ဆရာကြီကလည်း နှစ်ပေါင်း ၃ဝကျော်ကို ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့မှ ကုသမှုပေးခဲ့တာ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံမှာရော ကျောက်ကပ် လဲလှယ်ပေးခဲ့တဲ့ လူနာပေါင်း ဘယ်လောက်လောက်ရှိပြီးတော့ လူနာတွေကရော ကျောက်ကပ်လဲပြီးလို့ရှိရင် ဘယ်လိုမျိုးနေထိုင်သင့်သလဲ၊ သက်ဆုံးတိုင်နေနိုင်ကြသလားခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ မြန်မာပြည်မှာ ကျောက်ကပ်လဲလှယ်တာ အောင်အောင်မြင်မြင်နဲ့ပေါ့လေ၊ စပြီးလုပ်တာ ကျွန်တော်တို့ ၁၉၉၅ ခုနှစ်မှာ စလုပ်ခဲ့ပါတယ်။ ၂၄ နှစ်ရှိသွားပါပြီ၊ အခုထိလည်း ကျွန်တော်တို့ ဆက်ပြီးလုပ်နေပါတယ်။ ကျွန်တော်တို့ လုပ်ထားတဲ့လူနာကတော့ အခုဆို ၂၀၀ နဲ့ ၃၀၀ ကြားလောက်မှာ ရှိပါတယ်။ ပထမဆုံးလုပ်ခဲ့တဲ့ လူနာတွေထဲက အခုထိ အသက်ရှင်နေသေးတဲ့ လူနာတစ်ယောက်ကျန်ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် ၅ ယောက်လုပ်ခဲ့တယ်၊ ကျန်တဲ့လူနာတွေ ကတော့ ဆုံးသွားကြပြီပေါ့နော်။ အဲ့ဒီတစ်ယောက်ကလည်း အခုထက်ထိ ကျောက်ကပ်က ကောင်းနေ ပါတယ်၊ ကျွန်တော်နဲ့လည်း ပုံမှန်ပြပါတယ်။ အဲ့ဒီတော့ ပုံမှန်ပြောလို့ရှိရင်တော့ ကျောက်ကပ် လဲလှယ်တာ အောင်မြင်တယ်၊ လူနာကလည်း လိုက်နာတယ်ပေါ၊့ သူကလည်း မှန်မှန်ပြဖို့လိုတယ်။ လိုအပ်တာလေးတွေ ဆိုလို့ရှိရင်တော့ ဆယ့်ငါးနှစ် အနှစ်၂ဝလောက် အေးအေးဆေးဆေးနေနိုင်ပါတယ်။ အများစုပြဿနာက ဘာဖြစ်လဲဆိုတော့ လူနာတွေက လဲပြီးသွားတဲ့အချိန်မှာ သူက အားလုံး ကောင်းသွားပြီဆိုပြီးတော့ ဆေးမှန်မှန် မသောက်တာတို့၊ မှန်မှန်လာမပြတော့ဘူးဆိုရင် တစ်ချို့တွေ ဆိုလို့ရှိရင်၊ လဲပြီးသိပ်မကြာခင်မှာ ကျောက်ကပ်ပြန်ပျက်သွားတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဖြစ်သွားလို့ အဆင်ပြေရင်တော့ တစ်ခါတစ်လေ ဒုတိယအကြိမ်ထပ်ပြီးတော့ လဲတယ်ခေါ်တာပေါ့လေ၊ ကျွန်တော်တို့ အစားထိုးပေးတယ်၊ နိုင်ငံခြားမှာတော့ တတိယအကြိမ်လောက်ထိ လုပ်တာတွေရှိပါ တယ်၊ ဒါပေမယ့် မြန်မာပြည်မှာတော့ ဒုတိယအကြိမ်လောက်ထိပဲ လုပ်ထားတာရှိပါတယ်။ ဒါပေမယ့် တကယ်ပြန်ပျက်သွားရင်တော့ အခြေအနေက အရင်အတိုင်းပြန်ဖြစ်သွားတာပေါ့။

မေး။ ။ အဲ့ဒီကျောက်ကပ်လဲလှယ်တဲ့ လုပ်ငန်းစဉ်ကျတော့ရော၊ ဥပမာဆိုကြပါစို့ ကျောက်ကပ်ကို တစ်ခြားလူဆီက ယူပြီးတော့ လဲတဲ့သဘောလား ဘယ်လိုမျိုးလဲ။

ဖြေ။ ။ သူက စကားလုံးအသုံးအနှုန်းကသာ လဲလှယ်တယ်ပြောတာပါ၊ တကယ်တော့ သူက လဲတာမဟုတ်ဘူး။ ကျွန်တော်တို့က အသစ်ထည့်လိုက်တာပေါ့နော်၊ အဲ့ဒီတော့ သူ့မှာ မူလဖြစ်နေတဲ့ ကျောက်ကပ်နှစ်ခုဟာ တစ်ချို့သော အကြောင်းတရားတွေကလွဲလို့ရှိရင် အများစုက ပြန်မထုတ်တော့ဘူး။ အဲ့ဒီတော့ နောက်တစ်ခု ထပ်ထည့်ပေးလိုက်တော့ သူ့မှာ ကျောက်ကပ်သုံးခုဖြစ် သွားပြီ ၊ အဲ့လိုဖြစ်သွားပါတယ်။ အဲ့ဒီတော့ တစ်ခါတစ်လေတော့ အကြောင်းကြောင့် ထုတ်ပစ်လိုက် ရတာ ရှိတယ် ။ အဲ့ဒါကတော့ တကယ် လဲတယ်ခေါ်တာပေါ့၊ သူ့ဆီကနေပြီးတော့ ခုန သူများဆီက အသစ်တစ်ခုထည့်တာပေါ့၊ ဒါပေမယ့် လူဆယ်ယောက်မှာ ၈ယောက် ၉ ယောက်လောက်ကတော့ ကျွန်တော်တို့က အသစ်ပဲ ထပ်ထည့်လိုက်တာဖြစ်ပါတယ်။  ။

( ဆက်ရန် )

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55912

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly