ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များပြန်လာရေး အစိုးရမှ အသိပေးစာစောင် ဖြန့်ဝေမည်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များပြန်လာရေး အစိုးရမှ အသိပေးစာစောင် ဖြန့်ဝေမည်
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဧပြီ ၈ ။           ။ ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ခေါ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေကာ အသိပညာပေးသွားရန်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကမဇ္စျိမသို့ ပြောသည်။

 “ ပြန်လည်လက်ခံမယ့်အစီအစဉ်တွေကို ပြည့်ပြည့်စုံစုံကိုလည်း လက်ကမ်းစာစောင်လိုပုံစံမျိုး ထုတ်လုပ် နေတယ်။ ဒါ ဟာ အချောသတ်ပြီးပါပြီ။ ဒါပြီးရင် ကုလသမဂ္ဂဌာနေက ဒီဘက်ကိုကျွန်တော်တို့ဘက်ကိုလာပြီးရင် ပူးပေါင်းဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်နဲ့တစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့သူတွေကို အသိပေးသွားမှာဖြစ်ပါတယ်။ အဲ့ကျရင်တော့ ပိုမိုတိုးတက်လာမယ်လို့ယူဆပါတယ် “ ဟု ပြည်ထောင်စု ဝန်ကြီးကဆိုသည်။

 လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA နှင့်တပ်မတော်တို့၏ တိုက်ပွဲများကြောင့် နေမြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှနေ၍ ဘင်္ဂါလီဒုက္ခသည်များပြန်ခေါ်နိုင်ရေးကိစ္စအပေါ်သက်ရောက်မှု ရှိပါသလား ဆိုသည့်မေးခွန်း အပေါ် ပြန်လည်ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

 အဆိုပါလက်ကမ်းစာစောင်များတွင် နေရပ်ပြန်ရေးကိစ္စရပ်များနှင့်ပက်သက်၍ သိသင့်သိထိုက်သော အချက်များ ကို ဖော်ပြထားမည်ဖြစ်သော်လည်း မည်သည့် အချက်များပါဝင်သည်နှင့် မည်သည့်အချိန်တွင် ဖြန့်ဝေသွားမည် ဆိုသည်ကို  ဖြေဆိုခဲ့ခြင်းမရှိပေ။

 ထို့အပြင် ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် ဒုက္ခသည်များကို ပြန်လည် ခေါ်ယူရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက နိုင်ငံတကာသို့ ပြီးခဲ့သည့်ရက်ပိုင်းက ထပ်မံတိုက်တွန်းခဲ့သေးသည်။

 အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက အဆိုပါဒုက္ခသည်များ ပြန်လာရေးသည် မြန်မာအစိုးရ တစ်ရပ်ထဲတွင်တာဝန်ရှိ နေသည်မဟုတ်ဘဲ ၎င်းတို့ကိုယ်တိိုင်၏ ဆန္ဒအပြင် လက်ခံထားသည့် နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရေးသည်လည်း အရေးပါကြောင်း ဆိုသည်။

 “ သူတို့ကပြန်လာချင်တဲ့စိတ်ရှိမယ်။ ပြန်လာဖို့ ကျွန်တော်တို့ကအဆင်သင့်။ Safe ဆိုတာက သူတို့ပြန်လာတဲ့ လမ်းကြောင်းနဲ့ ပြန်လာတဲ့အခါမှာ လုံခြုံမှုနဲ့ စိတ်ချရမှုဆိုတာကတော့နှစ်ဖက်က အားလုံးကတာဝန်ယူရမယ်။ တာဝန်ယူရမယ်ဆိုတာ အစိုးရ ဘက်ကလည်းတာဝန်ရှိသလို ပြန်လာတဲ့သူတွေပေါ်မှာလည်းမူတည်တယ်။ ဒါကြောင့်နှစ်နိုင်ငံပူးပေါင်းတဲ့အပေါ်မှာလည်း မူတည်တယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကမဇ္စျိမသို့ပြောသည်။

 အစိုးရစာရင်းများအရ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသည့်အရေအတွက်မှာ ၅ သိန်းကျော်ရှိပြီး ပြည်တွင်းစစ်ရှောင်ဒုက္ခသည်အရေအတွက်မှာ တစ်သောင်းကျော် ရှိနေသည်။

 ကုလသမဂ္ဂစာရင်းများအရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့သူ ၇ သိန်းကျော်ရှိနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ တစ်သန်းကျော်ရှိသည်ဟုပြောဆိုထားသည်။

 အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံမှသူများကို ပြန်ခေါ်နိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့တွေ့ဆုံခဲ့ပြီးနောက် လာမည့်ဧပြီ ၂၇ တွင်တွေ့ဆုံဆွေးနွေးရန် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly