နေစရာ ပြန်မရသည့် ညောင်ရွာမှမီးဘေးသင့်သူအချို့ တိုင်းရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် မတွေ့မချင်းစောင့်မည်

နေစရာ ပြန်မရသည့် ညောင်ရွာမှမီးဘေးသင့်သူအချို့ တိုင်းရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် မတွေ့မချင်းစောင့်မည်
ဓာတ်ပုံ- သူရ

ရန်ကုန်၊ ဧပြီလ ၈ ။      ။ မီးလောင်မှုဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးရှိ ညောင်ရွာတွင် နေထိုင်သူအချို့မှာ မူလနေရာ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရရန် တိုင်းအစိုးရ ရုံးရှေ့၌ ဧပြီလ ၈ ရက်နေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

မူလနေထိုင်သည့် နေရာပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာသို့ စာတင်တိုင်ကြားမှုများ၊ လူတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့သော်လည်း အဆင်ပြေမှုများမရှိဟုဆိုကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရေးအတွက် ဧပြီလ ၈ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သို့သော်  မွန်းလွဲ ၁၂ နာရီခွဲကျော်အထိ ဝန်ကြီးချုပ်နှင့် တွေ့ခွင့်မရသေးကြောင်း၊ တွေ့ခွင့်မရမချင်း တိုင်းရုံး ရှေ့တွင်ပင် စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

" ဒီနေ့အခြေအနေက ခုနက တိုင်းရုံးထဲက ခေါ်လို့ အစ်မတို့ ၃ ယောက်ဝင်သွားတယ်လေ။ ဝန်ကြီးချုပ်က နေ ပြည်တော်ကို သွားတယ်တဲ့။ ၂ ရက်ကြာမယ်တဲ့။ ၂ ရက်ကြာတော့ အစ်မတို့ စာပဲတင်ခဲ့တဲ့။ စာတင်လို့တော့ ညီမတို့တော့ မဖြစ်ဘူးလို့။ ဝန်ကြီးချုပ် ပြန်လာတဲ့အထိကို ညီမတို့ စောင့်မယ်လို့ ၂ ရက်ကြာကြာ။ အဲ့ဒါဆိုရင် အစ်မတို့ ဆန္ဒပြတာနဲ့ အတူတူပဲတဲ့။ အဲ့ဒီလိုမျိုးလုပ်လို့မရဘူးတဲ့ ဖမ်းမှာတဲ့။ ဖမ်းမယ်ဆိုလည်းဖမ်းလို့ ညီမတို့ ဒေသခံတွေရဲ့ စိုးမိုးမှုအောက်မှာ နေနေရတာလို့။ ဓားတွေ၊ တုတ်တွေနဲ့။ မနက် ၄ နာရီ၊ ၅ နာရီထိ မအိပ်ရ ဘူးလို့၊ ဒီရှေ့မှာမှ၊ ဝန်ကြီးချုပ်ရုံးရှေ့မှာမှ လုံခြုံမှုရှိသေးတယ်။ ဟိုမှာက ဘယ်တရားဥပဒေကမှ အစ်မတို့ကို ကာကွယ်မှုမပေးဘူး"ဟု ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့် ရရန် ဦးဆောင်ပါဝင်သူ ညောင်ရွာတွင် နေထိုင်သည့် မခင်လေးနိုင်က ပြောသည်။

အဆိုပါ မီးဘေးသင့် ညောင်ရွာ၌ နေထိုင်သူများက ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့မှုများရှိသည်။

သို့သော် တွေ့ဆုံခွင့် ရရှိခဲ့ခြင်းမရှိဘဲ လူကယ်ပြန်ဝန်ကြီးက ဧပြီလ ၅ ရက်နေ့တွင် ၎င်းတို့နှင့် လာရောက် တွေ့ဆုံမည်ဖြစ်ကြောင်း တိုင်းအစိုးရရုံးမှ လုံခြုံရေးအဖွဲ့မှ ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

သို့သော် လူကယ်ပြန်ဝန်ကြီးမှ လာတွေ့မည်ဟု အကြောင်းပြန်ခဲ့သော်လည်း အမှန်တကယ်လာတွေ့ခဲ့သူမှာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဖြစ်ကြောင်း ညောင်ရွာတွင် နေထိုင်သူများက ပြောသည်။

" ကျွန်မတို့ အစည်းအဝေးပြီးတဲ့အခါကျတော့ မီးလောင်ကွင်းထဲကို သူကိုယ်တိုင်လိုက်လာတယ်။ သူကိုယ်တိုင် ဆင်းကြည့်ပေးမယ်ပေါ့။ ဘယ်လောက်ထိ ဆိုးရွားနေကြလဲ။ ဘယ်လိုတွေဖြစ်နေကြလဲသိချင်တော့ ဆင်းကြည့် ပေးတယ်။ ဆင်းကြည့်ပေးတဲ့အခါကျတော့ သူလည်းကားပေါ်ကဆင်းတော့ ဒီကလူတွေကလည်း ဒီကနေရာ တွေကတော့ ကျွန်မတို့ အရင်နေခဲ့တဲ့ နေရာတွေ၊ ဒါလေးတွေကတော့ ဘယ်လိုဖြစ်သွားတယ်ဆိုပြီး အကျိုး အကြောင်း ရှင်းပြတုန်းပဲရှိသေးတယ်။ ရွာသား မိန်းမတွေက ထွက်လာပြီးတော့ ဦးနိုင်ငံလင်းကို ဒီမိန်းမတွေကို မထားနိုင်ဘူး။ ဒီမိန်းမတွေကို ထားရင် ကျွန်မတို့ ရွာနာတယ်။ ကျက်သရေယုတ်တယ်။ လူကြီးမကလို့ ဘယ်သူ ပဲလာလာပေါ့။ ဘယ်သူနဲ့ ပြောထားထား ကျွန်မတို့ မထားနိုင်ပါဘူးလို့ ဦးနိုင်ငံလင်းကို သူတို့တွေက ပြောကာ၊ ဆိုကာ၊ ဆဲကာလုပ်လိုက်တဲ့အခါ ဦးနိုင်ငံလင်းလည်းပဲ ကားပေါ်တက်ပြီးတော့ ပြန်သွားတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် ညောင်ရွာတွင် နေထိုင်သူ ဒေါ်ခင်လေးက ပြောသည်။

ညောင်ရွာ၌ မတ်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့တွင် တစ်ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်မီးလောင်မှုမှ နေထိုင်သူအချို့မှာ မူလနေရာတွင် ပြန်နေခွင့်ရကြသော်လည်း ပထမအကြိမ် မီးလောင်ခံခဲ့ရမှုမှ ကျူးကျော်နေထိုင်ကြသည်ဟု ဆိုသော နေထိုင်သူအချို့မှာ မူလနေရာတွင် ပြန်နေထိုင်ခွင့် မရကြခြင်းအပေါ် ယခုကဲ့သို့ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" အမှန်က ဘာလဲဆိုတော့ ကျွန်မတို့ကို ရပ်ကျေးက လက်သင့်ကို မခံလို့ပါ။ ကျွန်မတို့ ကျူး တွေကြတော့ နှိမ်တယ်ပေါ့။ ကျူးတွေကို မထားဘူး။ ကျူးတွေကို ထားရင် ကျက်သရေတုံးတယ်။ ကျူး တွေထပ်ထားရင် ထပ်မီးလောင်ရင် ပြာကျရင် ရွာနာတယ်ဆိုတဲ့ သဘောမျိုးနဲ့ မထားတဲ့အတွက် ကျွန်မတို့ နေထိုင်ခွင့်လေး အခွင့်အရေး ဆုံးရှုံးသွားတယ်ပေါ့။ လက်ရှိမှာတော့ အခက်အခဲတွေကြုံနေရတယ်။ လောလောဆယ် ဘုန်းကြီးကျောင်းရှေ့မှာ ရွက်ဖျင်းတဲလေးတွေထိုးပြီး အမျိုးသမီးတစ်ဖွဲ့၊ အမျိုးသားတစ်ဖွဲ့ စုအိပ်ကြတယ်။ ညဘက်လည်း ကောင်းကောင်းမအိပ်ရဘူး။ သူတို့တွေ ရမ်းမယ်၊ ပြုမယ် အသံတွေကြားရင် အမြဲတမ်းလိုလို ထိုင်စောင့်နေရတယ်။ ဒီဒုက္ခတွေက ကယ်ပေးဖို့အတွက် ဝန်ကြီးချုပ်ကိုတောင်းဆိုချင်တာပါ။ ညောင်ရွာမှ မဟုတ်ဘူး။ နေစရာ ဘယ်နေရာရရ အဆင်ပြေပါတယ်"ဟု ညောင်ရွာတွင် နေထိုင်ခဲ့သူ ဒေါ်ခင်လေးက ဆက်ပြောသည်။

လက်ရှိ နေထိုင်စရာပြန်လည်ရရှိရေး တောင်းဆိုနေသူများမှာ အခြား ပြည်နယ်နှင့် တိုင်းအချို့မှ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာတွင် လာရောက်အခြေချနေထိုင်သူများဖြစ်ပြီး ရွာခံများက ကျူးကျော်နေထိုင်သူများဟု ပြောဆိုနေကြသော်လည်း အများစုက ၂ဝဝ၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းဒဏ်အပြီး ဧရာဝတီတိုင်းဒေသကြီးမှ ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required