ရန်ကုန်၊ ဧပြီ ၈ ။ ။ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အစည်းအဝေးကို လာမည့် ဧပြီလအတွင်း နေပြည်တော် တွင် ပြုလုပ်ရန် မြန်မာဘက်မှ တောင်းဆိုထားကြောင်း သိရသည်။
နှစ်နိုင်ငံ အစည်းအဝေးများကို အပြန်အလှန် ကျင်းပလေ့ရှိသည့် မူနှင့်အညီ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် စတုတ္ထအကြိမ် မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအား ဧပြီလ ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury နှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်၂၀၁၈ ခုနှစ် မေလက နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအား လည်းကောင်း၊၂၀၁၈ ခုနှစ် အောက်တိုဘာတွင် တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအား လည်းကောင်း လက်ခံကျင်းပခဲ့ပြီး ဖြစသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြီး ပြန်လည် လက်ခံရန် ဖြစ်သော်လည်း ယနေ့အထိ ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။
၂၀၁၇ ခုနှစ် ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီး ဘင်္ဂါလီအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ခြင်း ဖြစ်ပြီး ကုလသမဂ္ဂစာရင်းများအရ လူဦးရေ ၅ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။