တပ်သိမ်းမြေ ပြန်လည်ရရှိရေး မန္တလေးက တောင်သူ ၅၀ ခန့် ဆန္ဒဖော်ထုတ် တောင်းဆို

တပ်သိမ်းမြေ ပြန်လည်ရရှိရေး မန္တလေးက တောင်သူ ၅၀ ခန့် ဆန္ဒဖော်ထုတ် တောင်းဆို
ဓာတ်ပုံ -အောင်ခိုင်မြဲ

မန္တလေး ၊ဧပြီ ၇ ။     ။ တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက်ဟု ဆိုကာ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအနီး တောင်သူ ၅၀ ဦးခန့်က ဧပြီ ၇ ရက်နေ့ နံနက်တွင် ဆန္ဒဖော်ထုတ်၍ တောင်းဆိုခဲ့ကြသည်။

အမှတ် ၉၁၀ ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက မဲကင်းကုန်းကျေးရွာရှိ ကွင်းအမှတ် ၄၉၅ တွင်ရှိနေသော တောင်သူ ၃၅ ဦး ပိုင် လယ်ယာမြေ ၂၁၄.၃၄ ဧကကို ၁၉၉၂ ခုနှစ်က သိမ်းဆည်းခဲ့သည်ဟု ဆန္ဒထုတ်ဖော် သူများက ဆိုသည်။

၎င်းမြေများကို ပြန်လည် ရရှိလိုသည့်အတွက် ယခုလို တောင်းဆိုလာရခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။

"ဒီလယ်တွေ ပြန်ရဖို့လုပ်တာပါ။ ဦးလေးတို့မှာ အဆင်မပြေဘူး။"ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူလည်းဖြစ်၊ လယ်သိမ်းခံထားရသူ တစ်ဦးလည်းဖြစ်သော ဦးစိန်မောင်က မဇ္ဈိမသို့ ပြောသည်။

ဆန္ဒပြသူများသည် “တောင်သူပိုင် လယ်ယာမြေများ ပြန်လည်ကိုင်ခွင့်ရရေး” ၊ “တောင်သူများ၏ အခက်အခဲ များအား စာနာထောက်ထားရေး” ၊ “တောင်သူများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ အမြန်ဆုံးဆွေးနွေးညှိနှိုင်း ခွင့်ပြုရန်” စသည့် စာသားများပါဝင်သော ပိုစတာများကို ကိုင်ဆောင်လျက် မဲကင်းကုန်း ရွာထိပ်မှ တပ်ဦး ကျောင်းထိပ် အထိ ကြွေးကြော် ချီတက်ခဲ့ကြသည်။

"အေးအေးဆေးဆေး ဆန္ဒထုတ်ဖော်တယ်ဆိုတာ နိုင်ငံတော် အကြီးအကဲတွေ သိရှိဖို့နဲ့ အမေကြီးတို့ကို ကူညီနိုင်မယ့် သူတွေ သိပါစေတော့ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တာပါ။"ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ လယ်သိမ်းခံတောင်သူ ဒေါ်တင်အုန်းက ပြောသည်။

၎င်းတို့သည် လယ်မြေများကို ပြန်လည် ရရှိရန်လိုလားနေကြပြီး ထိုလယ်မြေများတွင် မူလကဲ့သို့ ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးခွင့်ရရှိရေးကို ဆန္ဒရှိနေကြသည်။ ထိုသို့ အကောင်ထည်ပေါ်လာမည်ကိုလည်း ဆက်လက် ကြိုးပမ်းနေကြဦးမည်ဟု ဆိုကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly