ကွမ်းယာဖိုး အကြွေးတောင်းရာမှ လူသတ်မှုဖြစ်ပွား

ကွမ်းယာဖိုး အကြွေးတောင်းရာမှ လူသတ်မှုဖြစ်ပွား
ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

ရန်ကုန် ဧပြီ ၆ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်တွင် ကွမ်းယာဖိုးအကြွေးတောင်ရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်တွင် နေထိုင်သော ဒေါ်----သည်ဧပြီလ ၅ ရက်နေ့ ည ၁ဝနာရီ ၂၂ အချိန်တွင် နေအိမ်၌ရှိနေစဉ် ၎င်း၏သားဖြစ်သူ ခင်မောင်ချိုမှာ လမ်းမတော်လမ်းရှိ ဘီယာမလေး စားသောက်ဆိုင်အနီးတွင်သေဆုံးနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ လည်ပင်း ထိုးသွင်း ဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သေဆုံးမှုသည် အခင်းဖြစ်နေရာ၏ လမ်းဘေးရှိ ကွမ်းယာရောင်းသူ ကျော်ဟန်ဆိုသူမှ ဓားဖြင့် ထိုးခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ဟန်အား အရေးယူပေးပါရန် ကျောက်တန်း မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံး သူ ခင်မောင်ချိုအား ကွမ်းယာဆိုင်ပိုင်ရှင် ကျော်ဟန်မှ ကွမ်းယာဖိုး အကြွေး(၆၀၀၀)ကျပ် တောင်းခဲ့ရာ “အကြွေး ရချင်ရင် လိုက်ခဲ့” ဟု ပြောဆိုသဖြင့် ကျော်ဟန်က ခင်မောင်ချို၏နောက်သို့ လိုက်သွားခဲ့ကြောင်း၊ အခင်းဖြစ် နေရာ အရောက်တွင် ခင်မောင်ချိုမှ အသင့်ပါလာသော အရိုးအသွား (၆)လက်မခန့်ရှိသည့်ဓါးဖြင့် ကျော်ဟန် အား ထိုးခဲ့သဖြင့် ကျော်ဟန်တွင် ယာဘက်လက်သန်းအရင်း၌ ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ကျော်ဟန်က ယာလက်ဖြင့်ကာပြီး ပြန်လည်ခုခံရာမှ ခင်မောင်ချို၏ လည်ပင်းတွင် အကျယ်(၁) လက်မခွဲခန့် ထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌မှောက်လျက်အနေအထားဖြင့် လဲကျ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့်  ပြစ်မှုကျူးလွန်သူ ကျော်ဟန်ကို ကျောက်တန်းမြို့နယ်၊ ပီလခက်ကျေးရွာ၌ ဧပြီလ ၅ ရက်နေ့ ည ၁၁နာရီ ၅၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးအတွက် ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly