မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီ ၅ခုကို ခွင့်ပြု

မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီ ၅ခုကို ခွင့်ပြု

ရန်ကုန်၊ ဧပြီ ၆ ။            ။ မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းဆောင်ရွက်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ပိုင်ဆိုင် သော နိုင်ငံခြားအသက်အာမခံကုမ္ပဏီ ၅ခုကို ဧပြီ ၅ရက်နေ့က ခွင့်ပြုပေးလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကုမ္ပဏီများကို အသက်အာမခံလုပ်ငန်း အဆိုပြုလျှောက်လွှာတွင် ပါဝင်သော လိုင်စင်စိစစ် အကဲဖြတ် ခြင်း လုပ်ငန်းများ ပြီးဆုံး၍ အကဲဖြတ်စံနှုန်းများနှင့်ကိုက်ညီမှုအပေါ် အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံကုမ္ပဏီ ၅ ခုမှာAIA Company Limited ၊ Chubb Tempest Reinsurance Limited ၊ Dal-lChi Life Insurance Company Limited ၊ Manufacturers Life Insurance Company နှင့် Prudential Hong Kong Limited တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရသည့် နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများသည် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုင်စင်အကြိုလုပ်ငနး်စဉ်များကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ရမည့် အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီ၏ လုပ်ငန်းစတင်ချိန်တွင် အသက်အာမခံ လုပ်ငန်း ကို ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ကြောင်းသိရသည်။

လိုင်စင်အကြိုလုပ်ငန်းစဉ်များ ဖြည့်ဆည်း ဆောင်ရွက််ပြီးစီးပါက အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြာရင်းနှီးမြှုုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံ ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အာမခံလုပ်ငန်းများကို မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုမှ အာမခံလုပ်ငန်းအမျိုးအစားပေါင်း ၁၃မျိုးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း၏ အချက်အလက်များအရ သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly