ရန်ကုန်တိုက်စစ်မှူး ဆီဇာ အသင်းအတွက် ဂိုး ၁၀၀ ပြည့် သွင်းယူနိုင်ခဲ့

ရန်ကုန်တိုက်စစ်မှူး ဆီဇာ အသင်းအတွက် ဂိုး ၁၀၀ ပြည့် သွင်းယူနိုင်ခဲ့
ရန်ကုန်တွင်ဂိုး၁၀၀ပြည့်သွင်းခဲ့သည့် ဘရာဇီးတိုက်စစ်မှူး ဆီဇာ။

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ဆီဇာမှာ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၈ဖြစ်သည့် ကမ္ဘောဇနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းအတွက် ဂိုး ၁၀၀ပြည့်ခဲ့ပြီဖြစ်သည်။

အသက် ၂၉နှစ်အရွယ်ရှိ ဘရာဇီးတိုက်စစ်မှူး ဆီဇာ မှာ ၂၀၁၂ဘောလုံးရာသီကတည်းက ရန်ကုန်ယူနိုက်တက် အသင်းတွင်ကစားနေသူဖြစ်ပြီး အသင်းအတွက် ၃ရာသီခွဲအတွင်းပြိုင်ပွဲစုံ (အမှတ်ပေး၊ ရှုံးထွက်၊ ချာရတီဒိုင်း၊ AFC Cup) တွင်သွင်းဂိုး ၁၀၀ပြည့်ခဲ့ခြင်းဖြစ်သည်။ ဆီဇာက " ၃ ရာသီခွဲအတွင်း ဂိုး ၁၀၀ ဆိုတာ ကျွန်တော့်အတွက် မှတ်တိုင် တစ်ခုပါ။ အသင်းဖော်တွေရဲ့ ကူညီမှု အများကြီး ပါ ပါတယ်။ ကျွန်တော် ကစားတဲ့ ၃ ရာသီခွဲ အတွင်း ချန်ပီယံ ၃ ကြိမ်ဖြစ်ခွင့်ရမှာပါ။ ၂၀၁၂ ၊ ၂၀၁၃ ချန်ပီယံ ဖြစ်ပြီးပြီ။ ဒီနှစ်လည်း ချန်ပီယံ ထပ်ဖြစ်ဦးမယ်။ အရမ်းဝမ်းသာပါတယ် " ဟုဆိုသည်။

ဆီဇာသည် ရန်ကုန် အသင်းသို့ ၂၀၁၂ ရာသီဝက်တွင် ရောက်ရှိလာသူ ဖြစ်ပြီး၂၀၁၃၊ ၂၀၁၄ နှစ်ရာသီဆက်တိုက် ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည်။ ယခုရာသီတွင် လည်း သွင်းဂိုး ၂၃ ရရှိနေပြီး ဂိုးသွင်းဘုရင် ထပ်ဖြစ်ရန် ရေပန်းစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly