အထည်ချုပ်စက်ရုံမှ ဝန်ထမ်းလစာငွေများကို အလုပ်သမားခေါင်းဆောင်က ခိုးယူ

အထည်ချုပ်စက်ရုံမှ ဝန်ထမ်းလစာငွေများကို အလုပ်သမားခေါင်းဆောင်က ခိုးယူ
ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

ရန်ကုန် ဧပြီ ၆ ။            ။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအတွင်းမှ ငွေများခိုးယူခဲ့သော စက်ရုံမီးပူတိုက် ဌာနမှ အလုပ်သမားခေါင်းဆောင်ကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

 ဧပြီလ ၅ ရက် ၇ နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုံ၊ အထည်ချုပ်စက်ရုံ၏ သော့ခတ် ထားခြင်းမရှိသော ဝန်ထမ်းရုံးခန်းရှိ အလူမီနီယံ ဘီဒိုအတွင်းမှ ဝန်ထမ်းလစာငွေများ အခိုးခံရကြောင်း ငွေကိုင် တာဝန်ခံမှ ဖုန်းဖြင့်ဆက်သွယ်ပြောကြားသဖြင့် စက်ရုံအတွင်းရေးမှူးမှ သွားရောက်ကြည့်ရှုခဲ့ရာ အလူမီနီယံဘီဒို အတွင်းထည့်ထားသည့် ဝန်ထမ်းလစာငွေ ၃၀၆၆၅၀၀၀ ကျပ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့်ခိုးယူ သွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန်သောင်ကြီးနယ်မြေရဲစခန်းသို့တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးငွေများအမြန်ဖမ်းဆီး/သိမ်းဆည်းရရှိရေး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အနီးကပ်ကြီး ကြပ်၍ သောင်ကြီးနယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေး ခြင်းနှင့် ပတ်ဝန်းကျင်အား လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ စက်ရုံမီးပူတိုက်ဌာနမှ အလုပ်သမားခေါင်းဆောင် ကျော်စွာလတ် ၂၄ နှစ်၊ (ဘ)ဦးမြင့်သန်း၊ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် လိုက်လံရှာဖွေ ဖမ်းဆီးရာပြစ်မှုကျူးလွန်သူ ကျော်စွာလတ်ကို ၎င်း၏နေအိမ်တွင်သက်သေခံပစ္စည်း ငွေများနှင့်အတူ (၃)နာရီအတွင်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly