အမြန်လမ်းတွင် မော်တော်ယာဉ်ကြံ့ခိုင်မှုများအား အခမဲ့စစ်ဆေးပေးနေ

အမြန်လမ်းတွင် မော်တော်ယာဉ်ကြံ့ခိုင်မှုများအား အခမဲ့စစ်ဆေးပေးနေ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဧပြီလ ၆ ။              ။ ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ရန်ကုန်- မန္တလေးအမြန်လမ်းကြီးတွင် ခရီးသည်များ အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်မောင်းများ အသိပညာများတိုးတက်လာစေရန်အတွက် ယာဉ်ကြံ့ခိုင်မှုများကို  အခမဲ့စစ်ဆေးပေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

အဆိုပါ ယာဉ်ကြံ့ခိုင်မှု အခမဲ့စစ်ဆေးခြင်းအပိုင်းကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့်အတူ  မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေးကုမ္ပဏီလီမိတက်နှင့် Michelin Myanmar တို့မှ ဧပြီလ ၆ ရက်နေ့မှ စတင်ကာ ပူးပေါင်းစီစဉ်လုပ် ဆောင်ပေးနေခြင်းဖြစ်သည်။

" အားလုံးက ပရဟိတသဘောမျိုး၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာ လျော့ဖို့အတွက် ပရဟိတလုပ်ကြတာပါ။ ဒီမှာ အခကြေးငွေယူတာ တစ်ခုမှ မပါဘူး။ အခုစစ်တာတွေကလည်း၊ စစ်နေတဲ့အဖွဲ့တွေလည်း အခကြေးငွေယူခြင်း တစ်ခုမှ မရှိပါဘူး"ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

ထိုသို့ ယာဉ်ကြံ့ခိုင်မှုများအား စစ်ဆေးပေးခြင်းကို Safe On The Road Campaign ဟု အမည်ပေးထားပြီး အမြန်လမ်းမကြီးတွင် သွားလာနေသည် ယာဉ်များကို ယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရ အခမဲ့စစ်ဆေးပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ယာဉ်ကြံ့ခိုင်မှုများအား စစ်ဆေးပေးခြင်းကို ဧပြီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လူအင်အား ၃ဝ ခန့်ဖြင့် အမှတ် ၃ လမ်းဆုံ တိုးဂိတ်အနီးတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

" ကျွန်တော်တို့ကတော့ တာယာနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အပိုင်းတွေကို စစ်ဆေးပေးတာပေါ့။ စစ်ဆေး တယ်ဆိုတာက ကျွန်တော်တို့ အဓိကအားဖြင့် တာယာကောင်း၊ မကောင်း၊  လေပေါင်ချိန်အခြေအနေတွေကို အဓိက စစ်ဆေးပေးနေတာဖြစ်ပါတယ်"ဟု မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေးကုမ္ပဏီလီမိတက်မှ Marketing Manager ဦးဝေယံဘိုက ပြောသည်။

 

ခရီးမိုင်ပေါင်း ၃၆ဝ ကျော်ရှိသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့သည်။

 

ယင်းကိန်းဂဏန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါကာ အမြန်လမ်းမကြီးတွင် ပျှမ်းမျှအားဖြင့်  ယာဉ်တိုက်မှု လျော့ကျလာသည့်  အနေအထားတစ်ခုကို တွေ့ရသည်။

 

လက်ရှိတွင်လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ စာပေလောကမှ ပညာရှင်များနှင့် ပူးပေါင်းကာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required