မန္တလေးကျုံးအတွင်း အမှိုက်မပစ်ရန်နှင့်ငါးစာမကျွေးရန် မြို့တော်ဝန် တိုက်တွန်း

By အောင်ခိုင်မြဲ
06 April 2019
မန္တလေးကျုံးအတွင်း အမှိုက်မပစ်ရန်နှင့်ငါးစာမကျွေးရန် မြို့တော်ဝန် တိုက်တွန်း
 (ဓာတ်ပုံ၊ဒေါက်တာ ရဲလွင်)

မန္တလေး၊ဧပြီ ၆ ။          ။  မန္တလေးကျုံး သန့်ရှင်းသာယာလှပရေးအတွက် ကျုံးအတွင်း အမှိုက်မပစ်ကြရန်နှင့်ငါးစာမကျွေးကြရန် ကူညီ ဆောင်ရွက်ပေးကြပါဟု မန္တလေးမြို့နေလူထုကို မြို့တော်ဝန် ဒေါက်တာရဲလွင်က တိုက်တွန်းပြောကြားလိုက် သည်။

 "ကျုံးထဲကိုအမှိုက်မပစ်၊ ငါးစာမကျွေးခြင်းဖြင့် ကျုံးရဲ့ သန့်ရှင်းမှုနဲ့သာယာလှပမှုကို ကူညီပေးကြပါ။ ကျုံးရေ မညစ်ညမ်းစေဖို့ ငါးစာမကျွေးဖို့တားမြစ်ရတာပါ။ ငါးစာရောင်းသူများမရှိတော့ပေမဲ့ အထုတ်လိုက်ယူလာပြီး ကျွေးနေသူတွေရှိနေတုန်းပါ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

 ထို့အပြင် ကျုံးဘေးတွင် ခိုစာများမကျွေးရန် တားမြစ်ထားသော်လည်း ကျုံးအနောက်ဘက်လမ်း ၈၀၊၂၄လမ်း နှင့်၂၅လမ်းကြားတွင် ခိုစားကျွေးနေသူများရှိနေဆဲကြောင့် ကြွက်တွင်းများဖြစ်ပေါ်နေသည်ဟု ဒေါက်တာရဲလွင် ကဆိုသည်။

 "လမ်း၈၀ ၂၄-၂၅လမ်းကြားမှာလည်း ခိုစာကျွေးသူတွေရှိနေဆဲပါ။ ခိုစာလက်ကျန်တွေကြောင့် ကြွက်တွင်းတွေ အဲဒီနေရာမှာပဲကျန်ပါတော့တယ်။ကျုံးပလက်ဖောင်းပေါ်နဲ့ စျေးကားတွေကရောင်းတဲ့ စားစရာတွေကြောင့်  ကျုံးရေထဲ အမှိုက်တွေများလာပါတယ်။ နွေရာသီကြွေတဲ့ အရွက်တွေကြောင့်လည်း ပါပါတယ်။"ဟု ဒေါက်တာ ရဲလွင်ကပြောသည်။

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျုံးအတွင်းရှိ အမှိုက်များကို နေ့စဉ်ဆယ်ယူ နေရသည် ဟုလည်း ၎င်းကဆက်လက်ပြောသည်။

 မန္တလေးကျုံးရေသည် မန္တလေးမြို့ ရေပေးဝေရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်ပြီး ကျုံးသန့်ရှင်းရေးကို အလေးပေးဆောင်ရွက်ရန် လိုကြောင်းလည်းသိရသည်။

 "ငါးမျှားသူ၊ ငါးစားကျွေးသူ၊ ကျုံးဘေးစျေးရောင်းသူတွေနဲ့ ၀ိုင်းဖွဲ့အရက်သောက်သူတွေကို စည်းကမ်း ထပ်မံကြပ်မတ်သွားမှာပါ။ခွေးကျောင်းထွက်လာသူတွေလဲ အမှန်တော့ နိုင်ငံတကာမှာလို ခွေချေးကော်ဖို့ ဂေါ်လေးနဲ့ အိတ်ကလေးတွေပါ ယူလာဖို့ စည်းကမ်းချက်တွေထုတ်ရမှာပါ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

 မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မန္တလေးမြို့တော် သာယာလှပရေးကို အစဉ်ကြိုးစားဆောင်ရွက်နေကြောင်း ဒေါက်တာရဲလွင်ကဆိုသည်။

   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly