သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

By အောင်ခိုင်မြဲ
06 April 2019
သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
 (ဓာတ်ပုံ၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

ကျောက်ဆည်၊ ဧပြီ ၆ ။             ။ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာအုပ်စုရှိ တောင်သူများက ဧပြီလ ၆ ရက်၊နံနက်ပိုင်းက ထွန်းတုံးတိုက်ပွဲဝင်၍ တောင်းဆိုခဲ့ကြသည်။

 ကျောက်ဆည်မြို့နယ်၊ဆူးလေကုန်းကျေးရွာအုပ်စု၊ မောင်းထောင်ကွင်း၊ ကွင်းအမှတ် ၂၉၆/ခရှိ တောင်သူ ၂၄ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၂၂၂ဧကကို ၁၉၉၄ခုနှစ်နှင့်၁၉၉၅ခုနှစ်တို့တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ စားကျက်မြေ စီမံကိန်းအဖြစ် သိမ်းယူခဲ့ခြင်းကို ပြန်လည်ရရှိရေးအတွက် ယခုကဲ့သို့ ထွန်းတုံးတိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်ဟု လယ်ယာမြေသိမ်းဆည်းခံထားရသည့် ဒေသခံဦးအေးကျော်ကဆိုသည်။

 သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၂ခုနှစ်က စတင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ဖြေရှင်းမပေးသေးသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့် ထံသို့ တိုင်ကြားစာများပေးပို့ထားကြောင်း သိရသည်။

 "၂၀၁၂ခုနှစ်မှာ ဦးသိန်းစိန်နဲ့ ဝန်ကြီးဌာနတွေကို တင်ပြတယ်။ခေါ်ယူစစ်ဆေးပေမယ့် အရေးယူ ဆောင်ရွက်တာ မရှိဘူး။ပြည်သူ့အစိုးရလက်ထက်မှာလည်း တင်ပြတယ်။မထူးဘူး။"ဟု သိမ်းဆည်းခံတောင်သူ ဦးအေးကျော်က ပြောသည်။

လက်ရှိတွင် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများအား သီးစားချထားခြင်းများနှင့်လုပ်ငန်းရှင်တစ်ချို့ကို ငှားရမ်းထားသည်ဟု ထွန်တုံးတိုက်ပွဲဝင်သည့် တောင်သူများကဆိုသည်။

 လယ်ယာမြေ သိမ်းဆည်းခံထားရသည့် တောင်သူများအနေဖြင့် ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲကို နေ့စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly