အာရှချန်ပီယံလိဂ် အုပ်စုအဆင့်သို့ မြန်မာအသင်းများ တိုက်ရိုက်ဝင်ခွင့်ရရန် အဖွဲ့ချုပ်ကြိုးပမ်း

အာရှချန်ပီယံလိဂ် အုပ်စုအဆင့်သို့ မြန်မာအသင်းများ တိုက်ရိုက်ဝင်ခွင့်ရရန် အဖွဲ့ချုပ်ကြိုးပမ်း
AFC Cup ပွဲစဉ်တစ်ပွဲတွင် ရတနာပုံနှင့် မလေးရှားကလပ် ပါဟန်းတို့ယှဉ်ပြိုင်ကစားနေစဉ်။

၂၀၁၅ မှ စတင်ကာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး နောင်လာမည့် နှစ်များတွင် အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့် ရရန် အဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းသွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောသည်။ ၂၀၁၅ ဘောလုံးရာသီတွင် လိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့သော်လည်း စင်ကာပူကလပ် ဝါရီယာအသင်းကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ကာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။
 
“ အခုဆို ကျွန်တော်တို့ဆီက မြန်မာနေရှင်နယ်လိဂ်ကလပ်တွေကို အာရှက အသိအမှတ်ပြု လိုင်စင်တွေ ရလာပါပြီ။ အဲဒီ့အတွက်ကြောင့် ပြီးခဲ့တဲ့နှစ်က ရတနာပုံအသင်းက အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်ကို ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ နောင်နှစ်တွေမှာလည်း အာရှချန်ပီယံလိဂ် အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရအောင် ကြိုးစားသွားမှာပါ။ ထိုင်းလိဂ်၊ ဗီယက်နမ်လိဂ်က အသင်းတွေနဲ့ ကျွန်တော် တို့မြန်မာနေရှင်နယ်လိဂ်အသင်းတွေနဲ့ သွားကစားရင် မဖြစ်နိုင်သေးပါဘူး။ လိဂ်ကိုအဆင့်မြှင့်ရသလို လက်ရွေးစင်ကစားသမားတွေ အရည်အသွေးလည်း မြှင့်ရပါမယ်။ ဒါမှ လက်ရွေးစင်ရွေးတဲ့အခါ တစ်ပတ်အတွင်း ချက်ချင်းလေ့ကျင့်နိုင်မှာပါ ” ဟု ဦးဇော်ဇော်က ပြောသည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲနှင့် ရှုံးထွက်ဖလားပြိုင်ပွဲများ စတင်ကျင်းပနိုင်ခဲ့ပြီး လိဂ်ချန်ပီယံအသင်းများကို ၂၀၁၀ တွင် AFC President’s Cup ပြိုင်ပွဲ၊ ၂၀၁၁ မှ ယခုနှစ်အထိ အာရှဖလားပြိုင်ပွဲ နှင့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags