ချမ်းမြသာစည်မြို့နယ် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးသေဆုံးမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းမိ

ချမ်းမြသာစည်မြို့နယ် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးသေဆုံးမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီ ၅ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၆×၆၇ လမ်းကြား၊ ငုရွှေဝါလမ်းနှင့် စိန်ခြယ်လမ်းကြား၊ အေးသုခလမ်းသွယ်ရှိ “ကြယ်စင် INN” တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သော အမျိုးသမီးသေဆုံး မှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၆×၆၇ လမ်းကြား၊ ငုရွှေဝါလမ်းနှင့် စိန်ခြယ်လမ်းကြား၊ အေးသုခလမ်းသွယ်ရှိ “ကြယ်စင် INN” တည်းခိုခန်း၊ အခန်း အမှတ်- C 001 တွင် မတ်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က အသက်(၃၀)ခန့်ရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အတူ လာရောက် တည်းခိုခဲ့ပြီး အမည်မသိအမျိုးသားမှာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် Check Out လုပ်ရန် ဆင်းမလာသဖြင့် တည်းခိုခန်း မန်နေဂျာမှ အခန်းအတွင်းဝင်ရောက်ကြည့်ရှုစဉ် အမျိုးသမီးမှာ သေဆုံးနေကြောင်း အကြောင်းကြားချက်အရ အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၂၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် လိုက်လံစုံစမ်း အတည်ပြုခဲ့ရာ သေဆုံးသူသည် မဝေနှင်းဖြူ(၃၃)နှစ်ဖြစ်ကြောင်း သိရှိရပြီး ဆက်လက်စုံစမ်းချက်များအရ သေဆုံးသူသည် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တွင်နေထိုင်သော တရုတ်ကြီး(ခ)ထွန်းလင်းအောင်(၃၃)နှစ်နှင့် ဆက်သွယ် သွားလာမှုများရှိကြောင်း သိရှိရသည်။

ထို့နောက် ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ တရုတ်ကြီး(ခ)ထွန်းလင်းအောင်၏ မှတ်တမ်းဓာတ်ပုံကို ရရှိခဲ့ပြီး သွားရောက်ဖမ်းဆီးစဉ် တိမ်းရှောင်နေပြီး ကျောက်ဆည်မြို့ရှိ အစ်မဖြစ်သူ၏ နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ကျောက်ဆည်မှ မန္တလေးသို့ပြန်လာရာ လမ်းကြောင်း တစ်လျှောက် ချိတ်ဆက် ဖမ်းဆီးခဲ့ရာ အမရပူရမြို့နယ်၊ မြစ်ငယ်တိုးဂိတ်အလွန်၊ စွယ်တော်ဘုရား အနောက်ဘက်မုခ်အနီးတွင် တရုတ်ကြီး (ခ)ထွန်းလင်းအောင်အား ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၊ အသုံးပြုစီးနင်းသည့် ဆိုင်ကယ်တို့အား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိပြီးနောက် စစ်ဆေးချက်အရ တရုတ်ကြီး(ခ)ထွန်းလင်းအောင် နှင့် မဝေနှင်းဖြူတို့သည် “ကြယ်စင် INN” တည်းခိုခန်း၌ တည်းခိုနေစဉ် မတ်လ ၃ ရက်နေ့ နံနက် ၅ နာရီအချိန်က စကားများရန်ဖြစ်ခဲ့ပြီး တရုတ် ကြီး (ခ)ထွန်းလင်းအောင်က မဝေနှင်းဖြူ၏ လည်ပင်းအား ယာဘက်လက်ဖျံဖြင့် ဖိထားစဉ် သေဆုံးသွား ခြင်းဖြစ်ပြီး အဆိုပါအမှုကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly