တာချီလိတ် ရွှေဆိုင် ဓားပြတိုက်ခံရမှုမှ ပြစ်မှုကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းမိ

တာချီလိတ် ရွှေဆိုင် ဓားပြတိုက်ခံရမှုမှ ပြစ်မှုကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊  ဧပြီ ၅ ။    ။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၁/၅၉)ရှိ“နန်းနန်းဘွန်းကျောက်” ရွှေဆိုင်ဓားပြတိုက်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူများကို ဖမ်ဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၁/၅၉)တွင် နေထိုင်သော “နန်းနန်းဘွန်းကျောက်”ရွှေဆိုင်ပိုင်ရှင် ဦးအိုက်ဘွန်းသည် မိသားစုများနှင့်အတူ ရွှေဆိုင်နေအိမ်တွင် အိပ်ပျော် နေစဉ် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ရွှေဆိုင်ဘေး လမ်းကြားသို့ လူ(၆)ဦးခန့်မှ ကားဖြင့် ရောက်ရှိ လာပြီး ရွှေဆိုင်နေအိမ်အတွင်း အနောက်ဘက်တံခါးမှ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ပစ္စတိုသေနတ် ကိုင်ဆောင်ထားသည့် လူ(၄)ဦးမှ ဦးအိုက်ဘွန်း၏မိခင် ဒေါ်နန်းတွေ့၊ အိမ်အကူ ဒေါ်နန်းဖွန်နှင့် ရွှေဆိုင်ဝန်ထမ်းဖြစ်သူ မနန်းဆိုင်ဆိတို့အား သေနတ်များ ဖြင့်ချိန်ကာ လက်ကိုကြိုး တုပ်နှောင် ထားခဲ့ပြီး ကျန်လူ(၂)ဦးမှ ရွှေဆိုင်နှင့် နေအိမ်တွဲလျက် အပေါ်ထပ်ရှိ ဒေါ်နန်းတွေ့ အိပ်သည့်အိပ်ခန်းအတွင်း ထားရှိသည့် မီးခံသေတ္တာကိုဖွင့်ခိုင်း၍ ဖွင့်ပေးခဲ့ရကြောင်း မီးခံ သေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ၊ အလေး ချိန်(၈၀)ကျပ်သားခန့်၊ ကာလတန်ဖိုး မြန်မာငွေကျပ် သိန်း(၈၀၀)ခန့်၊ စိန်ထည်ပစ္စည်းမျိုးစုံ၊ ကာလတန်ဖိုး မြန်မာ ငွေ ကျပ်သိန်း(၁၀၀၀)ခန်နှင့် ဦးအိုက်ဘွန်း အိပ်သည့် အခန်းအတွင်းမှ ထိုင်းဘတ်ငွေ ၂၀ သိန်းခန့်၊ မြန်မာငွေ ကျပ်တန်ဖိုး သိန်း(၁၀၀၀)ခန့်၊ I Phone အမျိုးအစားလက်ကိုင်ဖုန်း(၃)လုံး၊ Samsung အမျိုးအစား လက်ကိုင် ဖုန်း (၄)လုံး၊ စုစုပေါင်းလက်ကိုင်ဖုန်း(၇)လုံး၊ ကာလတန်ဖိုးမြန်မာငွေကျပ်သိန်း(၁၀၀)ခန့်အပါအဝင် စုစုပေါင်း ကာလတန်ဖိုး မြန်မာငွေကျပ်သိန်း(၂၉၀၀)ခန့်တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် အမည်မသိလူ(၆)ဦး အား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တာချီလိတ်မြို့မရဲစခန်း၌ (ပ)၁၇၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းဆောင်ရွက်နေစဉ် အမှုမှ မသင်္ကာသူ တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ ဝမ်ကဲ(၂)ကျေးရွာတွင် နေထိုင်သော အိုက်ရီ(ခ)စိုင်းရီ(ခ)အိုက်မတ်၏ နေအိမ်အား သွားရောက် ရှာဖွေရာ ၎င်းအားနေအိမ်တွင် မတွေ့ရှိဘဲ နေအိမ်ခေါင်းရင်းဘက်တွင် အခင်းဖြစ်စဉ်က အသုံးပြုခဲ့သော PAJERO မော်တော်ယာဉ်တွင် တပ်ဆင်အသုံးပြုသည့် SHN 9K/×××× နံပါတ်ပြား(၁)ခု၊ နေအိမ်ရှေ့ရေတွင်းနားတွင် အခင်းဖြစ်စဉ်က ဝတ်ဆင်သော MU-X စာတန်းပါ အညိုရောင် တီရှပ်အင်္ကျီ (၁)ထည်၊ အဖြူရောင် ကင်းဘတ်ဖိနပ် (၁)ရံ၊ နေအိမ် အတွင်းမှ ၅.၆၂ ကျည် (၂၀)တောင့်၊ အစိမ်းရောင်ပျောက်ကြားအင်္ကျီလက်ရှည် (၁)ထည်၊ အနောက် ဘက်ခြံစည်းရိုး ချုံပုတ်အတွင်းမှ M 22 သေနတ် (၁)လက်၊ ၎င်းကျည်အိမ်(၁)ခုအတွင်းထည့်လျက် ၇.၆၂ ကျည်(၁၅)တောင့်၊ စိတ်ကြွဆေးပြား ထုတ်ရာတွင်အသုံးပြုသော WY စာတန်းပါ သံရိုက်မှို (၁)ချောင်း၊ စာတန်းမပါ သံရိုက်မှို (၅)ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်စဉ် အသုံးပြုခဲ့သော သေနတ်(၂)လက်ကို တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း-လန့်တောင်း ကျေးရွာတွင် နေထိုင်သော အိုက်ခမ်းကျောက်ထံမှ သွားရောက်ယူဆောင်ခဲ့ကြောင်း သတင်းကွင်းဆက်အရ အိုက်ခမ်းကျောက်(ခ)အိုက်မူ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိုက်ခမ်းကျောက် (ခ)အိုက်မူ အား နေအိမ် မီးဖိုချောင်အတွင်းမှ အခင်းဖြစ်စဉ် အသုံးပြုသည့် အစိမ်းရောင်ပျောက်ကြား ဦးထုပ်(၁)လုံး၊ အစိမ်းရောင် ကင်းဘတ်ဖိနပ်(၁)ရံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် အိုက်ခမ်းကျောက်(ခ)အိုက်မူအား စစ်ဆေးရာ အတူပါဝင်သူ တာချီလိတ်မြို့၊ ငြိမ်းချမ်းဟိုတယ် ရှေ့ လမ်းကြား၊ မိုးသောက်ကြယ်လမ်း၊ မယ်ခေါင်ရပ်ကွက်၊ အမှတ် (မခ-၁/၂၉) တွင် အိမ်ငှားနေထိုင်သူ အိုက်ဆမ်၏ အခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ဇနီးဖြစ်သူ ဒေါ်အီတာအား တွေ့ရှိခဲ့သဖြင့် ဒေါ်အီတာအား မေးမြန်းခဲ့ရာ အိုက်ဆမ်မှာ ၂၈-၃-၂၀၁၉ ရက်နေ့ ၁၄၀၀ အချိန် မိုင်းယောင်းမြို့သို့ ရှင်ပြုပွဲ သွား ရာမှ ၂၉-၃-၂၀၁၉ ရက်နေ့ ၁၆၀၀ အချိန်တွင် ထိုင်းနိုင်ငံသားဟူထင်ရသော အမျိုးသား(၁)ဦး၊ ထိုင်းနိုင်ငံသား ဟု ထင်ရသော အမျိုးသား(၁)ဦး တို့နှင့်အတူ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ထိုင်းဘတ်ငွေ(၃၅၀၀၀)နှင့် ဓားပြတိုက်ရာမှ ရရှိသော ရွှေလက်စွပ်(၂)ကွင်းအား ပေးအပ်ခဲ့ကြောင်း၊ ၎င်းဝတ်ဆင်သည့် အပြာရောင် ဂျင်း အင်္ကျီ လက်ရှည်အား လျှော်ဖွတ်ထားခဲ့ပြီး ၁၇၀၀ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရှိ ရပြီး နေအိမ် နောက်ဘေးလမ်းကြားတွင် အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သည့် အပြာရောင် ဂျင်းအင်္ကျီ လက်ရှည် (၁)ထည်၊ အိမ်သာအတွင်းမှ အနက်ရောင် ဖုန်းထည့်အိတ်အတွင်း ထည့်လျှက် လက်ထိပ် (၂)ကွင်း၊ အိပ်ခန်း အတွင်းမှ လည်ပင်းပတ်ပါ အစိမ်းရောင် ပျောက်ကြားဦးထုပ်အဝိုင်း (၁)လုံးတို့နှင့် အိုက်ဆမ် ပေးခဲ့သော ထိုင်း ဘတ်ငွေ(၃၅၀၀၀)ဖြင့် ဝယ်ယူထားသော ရွှေဆွဲကြိုး (၁)ကုံး၊ နားကပ် (၁)ရံတို့အား ဒေါ်အီတာ ထံမှ သိမ်းဆည်း ရမိခဲ့သည်။

ထို့နောက် ဧပြီလ ၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် တာချီလိတ်-မိုင်းကိုး ကားလမ်းပေါ်ရှိ ဝှေရမ်း ပြည် သူ့စစ် ဂိတ်ရှိ ပြည်သူ့စစ်အဖွဲ့မှ မသင်္ကာဖွယ် ထိုင်းလူမျိုး အမျိုးသားတစ်ဦးအား တွေ့ရှိ ထားကြောင်း သတင်း အရ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အိုက်ဆပ် (၃၉)နှစ် မဟာဆလက်ခမ်ခရိုင်၊ ဆလက်ခမ်မြို့၊ ထိုင်းနိုင်ငံနေသူ ဖြစ်ကြောင်း သိရပြီး “နန်းနန်းဘွန်းကျောက်” ရွှေဆိုင် ဓားပြတိုက်ရာတွင် ပါဝင်သူဖြစ်ကြောင်း သိရှိရသဖြင့် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးရာ ဓားပြတိုက်ရာတွင် အတူပါဝင်သူများမှာ ဝမ်ကဲ(၂)ကျေးရွာနေ ဖိုးမာ့ (၆၀)နှစ်၊ အိုက်ရီ(ခ) စိုင်းရီ(ခ)အိုက်မား (၄၇) နှစ်၊ စိုင်းရှဲန်(၅၈)နှစ်၊ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်နေ အိုက်ဆမ်(၅၅)နှစ်၊ ဖတ်ဟိကျေးရွာနေ အိုက်ခမ်းသန်း(၆၁)နှစ်တို့ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။

ဧပြီလ လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကဲ(၂) ကျေးရွာ တွင်နေထိုင်သော ဖိုးမာ့(အခင်းဖြစ်စဉ် SHN 9K/×××× PAJERO နက်ပြာရောင် ယာဉ်အားမောင်းနှင်သူ)၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ဖိုးမာ့မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ တိမ်း ရှောင်နေပြီး နေအိမ် ဘုရားစင်အောက်မှ ထိုင်းရွှေဖြင့်ပြုလုပ် ထားသည့် အလေးချိန်(၅၂)ဂရမ်ခန့်ရှိ ရွှေ လက်ကောက် (၁)ကွင်း၊ အလေးချိန် (၃၁)ဂရမ်ခန့်ရှိရွှေလက် ကောက်(၁)ကွင်း၊ အလေးချိန်(၇)ဂရမ်ခန့်ရှိ ရွှေလက်ကောက် (၂)ကွင်း (၁၄)ဂရမ်၊ အလေးချိန်(၃၃) ဂရမ်ခန့်ရှိရွှေလက်ကောက်(၁)ကွင်း၊ အလေးချိန် (၁၂)ဂရမ်ခန့်ရှိ ရွှေဆွဲသီး(၁)ခု၊ အလေးချိန်(၆)ဂရမ်ခန့် ရှိ ရွှေဆွဲသီး(၁)ခု၊ အလေးချိန်(၅၀)ဂရမ်ခန့်ရှိ ရွှေဘယက်(၁)ခု၊ ထိုင်းဘတ်ငွေ ၁၅၀,၀၀၀ နှင့် ကွဲနေသည့် လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် ကျန်လူများဖြစ်သော ဖိုးမာ့၊ အိုက်ရီ(ခ)စိုင်းရီ (ခ)အိုက်မား၊ စိုင်းရှဲန်၊ ဆိုက်ဆမ်၊ အိုက်ခမ်းသန်း တို့(၅)ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly