ပဲခူး၊ မွန်နှင့် မကွေးတို့တွင် ၂ နှစ်တာဝန်ထမ်းဆောင်ရန် အမေရိကန်စေတနာ့ဝန်ထမ်းများ ကတိသစ္စာပြု

ပဲခူး၊ မွန်နှင့် မကွေးတို့တွင် ၂ နှစ်တာဝန်ထမ်းဆောင်ရန် အမေရိကန်စေတနာ့ဝန်ထမ်းများ ကတိသစ္စာပြု
ဓာတ်ပုံ-ဦးဖြိုးမင်းသိန်းဖေ့ဘွတ်ခ်၊ ပိကောစ်မြန်မာ ဖေ့ဘွတ်ခ်

ဧပြီ ၅ ။     ။ မြန်မာနိုင်ငံအတွင်း  ပညာသင်ကြားရေးကဏ္ဍတွင် ၂ နှစ်တာဝန်ထမ်းဆောင်ရန် အမေရိကန် ပိစ်ကော စေတနာ့ဝန်ထမ်းများ ကျမ်းသစ္စာကျိန်ဆိုမှုကို ရန်ကုန်မြို့၊ Summit Parkview Hotel တွင် ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည်။

စတုတ္ထအဖွဲ့အဖြစ်လာရောက်မည့် အမေရိကန် ပိစ်ကော စေတနာ့ဝန်ထမ်းများ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားနှင့် စေတနာ့ဝန်ထမ်းသစ်များ၏ တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသည့် အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီး၊ မကွေးတိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

“ ကျွန်ုပ် သည် မြန်မာနိုင်ငံသားများနှင့် အတူယှဉ်တွဲပြီး တာဝန်ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့မှ ပြည်သူလူထုနှစ်ရပ်အကြား ငြိမ်းချမ်းရေးနှင့် ရင်းနှီးချစ်ကြည်မှု ပေါင်းကူးတည်ဆောက်ရာတွင် ပါဝင်ကူညီရန် ကတိပြုပါသည်။ ကျွနု်ပ်သည် နှစ်နိုင်ငံ ယဉ်ကျေးမှုအကြား နားလည်မှုကို ပြုစုပျိုးထောင်ရာတွင် လေးစားမှု၊၊ သတိရှိမှုတို့ဖြင့် လုပ်ဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် ဆောင်ရွက်ရမည့်တာဝန်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် ပိစ်ကောစေတနာ့ဝန်ထမ်းတစ်ဦး အနေဖြင့် ပိစ်ကော၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာ သမိုင်းကြောင်းကို ဦးထိပ်ထားပြီး ဂုဏ်ယူမှု၊ ဂုဏ်သိက္ခာရှိမှု တာဝန်သိမှု အစရှိသော အမြင့်မားဆုံးစံနှုန်းများဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်” ဟု ပိကောစ်မြန်မာ ဖေ့ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အင်္ဂလိပ်စာ သင်ကြား ပေးရန် အတွက် ဖြစ်ပြီး ဆရာ၊ ဆရာမ ၃၂ ဦး ပါဝင်သည်။

အဆိုပါ အမေရိကန် ဆရာ၊ ဆရာများကို လုပ်ငန်းခွင်အကြို လေးလတာ သင်တန်းကို ပို့ချပေးခဲ့ပြီး တာဝန် မထမ်းဆောင်မီ အချိန်အတွင်းတွင် မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို ကြိုတင်တက်ရောက်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအသုတ်အနေဖြင့် စေတနာ့ဝန်ထမ်း ၆ ဦးဖြင့် လာရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ တွင် ဒုတိယအကြိမ်အဖြစ် ၁၆ ဦး လာရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမေရိကန်စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ လာရောက်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် Peace Corps အဖွဲ့တို့ ပူးပေါင်း၍ ပညာရည်အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းရည် မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ် ဘာသာစကား သင်ကြားပို့ချရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly