မုံရွာလမ်းသလျှောက်သင်္ကြန်တွင် တိုင်းအစိုးရမှအလှူငွေထည့်ဝင်မှုအပေါ် ပွဲကော်မတီဝေဖန်

By ဇင်ဇင်မွန်ဇော်
05 April 2019
မုံရွာလမ်းသလျှောက်သင်္ကြန်တွင် တိုင်းအစိုးရမှအလှူငွေထည့်ဝင်မှုအပေါ် ပွဲကော်မတီဝေဖန်

မုံရွာ၊ ဧပြီ ၄ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ၌ ပြုလုပ်မည့် ရိုးရာလမ်းလျှောက်သင်္ကြန်တွင် တိုင်းဒေသကြီးအစိုးရမှ အလှူငွေကျပ် သိန်း ၅၀ သာ ထည့်ဝင်သည့်အပေါ် ရိုးရာသင်္ကြန်ဖြစ်မြောက်ရေး ကော်မတီဘက်မှ ဝေဖန်ပြောဆိုမှုများရှိနေသည်။

ယခင်က ကျပ် သိန်း ၁၀၀ ကူညီမည်ဟု ပြောဆိုထားသော်လည်း ကျပ် သိန်း ၅၀ သာ ထည့်ဝင်လိုက်သည်ဟု ရိုးရာသင်္ကြနြ်ဖစ်မြောက်ရေးကော်မတီ၊ သတင်းပြန်ကြားရေးတာဝန်ခံ ဦးအောင်နေမျိုးက မဇ္ဈိမသို့ ပြောသည်။

"ဝန်ကြီးချုပ်ကို မုံရွာမှာ ရိုးရာလမ်းလျောက်သင်္ကြန် ဖြစ်မြောက်သင့်တယ်လို့ တိုက်တွန်းခဲ့တယ်။ အစည်း အဝေးမှာ မြို့နယ်ထွေအုပ်က ခန့်မှန်းကုန်ကျစရိတ်တွေ တွက်ချက်ပြီး တင်ပါလို့ တင်ခိုင်းတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့လဲ ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီးတော့ ဘတ်ဂျက် သိန်း၂ဝဝကျော် တင်လိုက်တယ်။ ပြန်ကျလာတော့ သိန်း၂၀၀ တော့ မရဘူး။ သိန်း ၁၀၀ ပဲ ရမယ်လို့ ပြန်ပြောလာတယ်။  နောက် ၂ ရက်လောက်နေတော့ သိန်း ၁၀၀ တော့မရဘူး။  သိန်း ၅ဝပဲ ရမယ်လို့ ပြန်ဖြစ်လာတယ်။ အဓိက ပြောချင်တာက စိတ်မကောင်းဘူး” ဟုဦးအောင်နေမျိုးက ပြောသည်။

ရိုးရာလမ်းလျှောက်သင်္ကြန်မှာ ဖျော်ဖြေရေးစင် တစ်စင်၊ အုန်းလက်ရေကစားမဏ္ဍပ်ပေါင်း ၃၀ ၊ စတုဒီသာ မဏ္ဍပ်များ ပါဝင်မည်ဖြစ်ပြီး ပုသိမ်ထီး အလက် ၃၀၀ အလှဆင်သွားမည်ဟု ပွဲကျင်းပရေးထံမှ သိရသည်။

လမ်းလျှောက်သင်္ကြန်အတွက် ကျပ်သိန်း ၅၀ သာ ချထားပေးမှုအပေါ် တိုင်းဒေသကြီးအစိုးရမှ သီးခြား ထောက်ပံ့ခြင်းသာ ဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

" ၁၀၀ ချပေးမယ်ဆိုတာက မဟုတ်ပါဘူး။ လျာထားတာပါ။ အခုနောက်ဆုံး  ဘတ်ဂျက်တွေ သေချာ စီစဉ်ပြီးတော့ တိုင်းအစိုးရက သိန်း ၅၀ ကို သီးခြားထောက်ပံပေးတာပါ။ ကျန်တဲ့ဟာတွေကို မြို့နယ် စီမံခန့်ခွဲရေးကနေ လုပ်ဆောင်သွားမှာပါ ။ ရိုးရာလမ်းလျှောက်သင်္ကြန်ကို စည်ကားကားဖြစ်အောင်
ဆောင်ရွက်သွားမှာပါ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

မုံရွာတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားမည့် မြန်မာရိုးရာလမ်းလျှောက်သင်္ကြန်ကို အလှူရှင်များ၏ လှူဒါန်းမှုများ၊ တိုင်းအစိုးရထည့်ဝင်ငွေများဖြင့် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly